Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်မှ ပိတောက်စက္ကူစက်တွင် ဓာတုဗေဒပစ္စည်းများကို သုံးစွဲပြီး အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အောက်တိုဘာ ၉ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖော်ပြပါစက္ကူစက်အနေဖြင့် လုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းမရှိသည့်အတွက် ယင်းစက်ရုံနံဘေးမှ ပလတ်စတစ်လုပ်ငန်းတွင် တွင်းရေများ ညစ်ညမ်းရှိလာသောကြောင့် ယင်းသို့ စစ်ဆေးရခြင်းဖြစ်ကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က ပြောသည်။

“ဒီစက်ရုံ စက္ကူထုတ်တဲ့ လုပ်ငန်းကို ကြည့်လိုက်တော့ ဓာတုပစ္စည်း သုံးစွဲမှု သိပ်မတွေ့ရဘူး။ ဒါပေမဲ့ နဂိုစက်ပစ္စည်းမှာပါတဲ့ ခဲလေးတွေကနေ ဓာတုပစ္စည်းတွေ ပါနေတယ်။ နောက်ပြီး စွန့်ပစ်ရေမှာ ဓာတုပစ္စည်း အနည်းအကျဉ်းပါတယ်”ဟု ၎င်းက စစ်ဆေးတွေ့ရှိမှုကို ပြောသည်။

ယင်းအပြင် စက္ကူစက်တွင် အညစ်အကြေးစွန့်ပစ်သည့် ရေကန်မှာ ကွန်ကရစ်ကန်မဟုတ်သည့်အတွက် ဓာတုပစ္စည်းများ ခြေအောက်သို့ စိမ့်ဝင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်လာနိုင်သည့်အတွက် ကွန်ကရစ်ကန် ပြုလုပ်ရန်၊ အဆိုပါရေကန်မှ ရေကို ရေသန့် ပြန်ထုတ်နိုင်သည့် စနစ် သုံးစွဲလုပ်ဆောင်ရန် ၊ စက်ရုံသန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

ညွှန်ကြားချက်များ လိုက်နာမှု ရှိ မရှိကို တစ်လတစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး၊ လိုက်နာမှု မရှိပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ထပ်လောင်းပြောကြားခဲ့သည်။

အထက်ပါကိစ္စကို တိုင်ကြားသူ ရွှေကလပ် ပလတ်စတစ်လုပ်ငန်းရှင် ဦးလှဌေးက “စက္ကူစက်ရုံရဲ့ ဓာတုဗေဒစွန့်ပစ် ပစ္စည်းတွေကြောင့် ကျွန်တော်တို့ ခြံဝင်းအတွင်းမှာရှိတဲ့ ရေတွင်းကို ဓာတုဗေဒ ပစ္စည်းတွေ စိမ့်ဝင်ပြီး ရေတွင်းရေမှာလည်း နံစော်ပြီး ယားယံခြင်းတွေ ဖြစ်နေတယ်”ဟု ပြောသည်။

“ဝန်ကြီးက ရေဆိုးတွေကို စနစ်တကျ ထိန်းသိမ်းပြီး စနစ်တကျ သုံးစွဲဖို့ မှာသွားတယ်။ စွန့်ပစ်အမှိုက်တွေကို ငါးရက်အတွင်း သန့်ရှင်းရေး လုပ်သွားမယ်။ ရေဆိုးတွေကိုတော့ သန်ဘက်ခါဆို ကျွန်တော် စလုပ်သွားပေးမယ်” ဟု ပိတောက်စက္ကူစက်ကို ဦးစီးလုပ်ကိုင်နေသူ ကိုဇော်ဦးက ဆိုသည်။

ပိတောက်စက္ကူစက်ရုံကို ၂၀၀၁ ခုနှစ်ကတည်းက မော်လမြိုင်စက်မှုဇုန်တွင် စတင် တည်ထောင်လည်ပတ်ခဲ့ပြီး စွန့်ပစ်စက္ကူများကို ပြန်လည်ကြိတ်ခွဲသန့်စင်၍ စက္ကူပြန်လည် ထုတ်ယူနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply