ဖေဖော်ဝါရီသည် အေး၍ ခြောက်သွေ့သော ပွင့်လင်းရာသီ၏ နောက်ဆုံးလ ဖြစ်သည်။ နေ့အပူချိန်က ကဲပြီးညအပူချိန်မှာ သိသိသာသာ လျော့ကျနေ၏။

ဖေဖော်ဝါရီ ၁၃ ရက်၊ မော်လမြိုင်လမ်းမများထက်မှာ ဥဒဟို သွားလာလှုပ်ရှား မောင်းနှင်နေသည့် ကားရောင်စုံ၊ ဆိုင်ကယ်ရောင်စုံက ပျားပန်းခတ်သည့်နှယ်တမျှ။ ဟိုဘက်က သံလွင်မြစ်နှင့် အပြိုင် မြို့ထဲ လမ်းမပေါ်မှာက လူရောင်စုံ စီးဆင်းနေသလို။ ဒီနေ့ မော်လမြိုင်က ပန်းခြံကြီးငယ်တွေထဲမှာလည်း အပျော်ရိပ်တွေက ဖိတ်လျှံကျနေသည်။ လမ်းပေါ်ထိ ပြန့်ကျဲနေသည်။ ရုပ်ရှင်ရုံတွေ၊ ကစားကွင်းတွေမှာလည်း ရယ်သံမောသံတွေက မြူးခုန်နေသည်။

မနေ့က ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း မွန်ပြည်နယ်အဖို့ရာ ထူးကဲလှသည်ဆိုရမည်။ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအနေဖြင့် ပြည်ထောင်စုနေ့ပွဲတော်က ယခင်နှစ်များနှင့်မတူ တမူထူးခြား လှပစည်ကားခဲ့သည်။ ပန်းခြံတွေထဲမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ်အသားတို့က ကျန်ရစ်နေဆဲ၊ အားကစားပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာအကပဒေသာတို့ဆီမှ ပါလာသော ပျော်ရွှင်မှုရနံ့က ငွေ့ငွေ့ကျန်နေသေးသည်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ မှာလည်း မော်လမြိုင်က ပျော်စရာ တစ်မျိုး ကောင်းနေချေသည်။ ဗိုလ်ချုပ်မွေးနေ့မို့ ပဲပြုတ်၊ နံပြားနှင့် မုန့်ဟင်းခါးနှင့် စတုဒီသာ အလှူနှင့် တခြိမ့်ခြိမ့်။ မနက်ဖြန် ဖေဖော်ဝါရီ ၁၄ ရက်ဆို ပိုလို့တောင် ပျော်ဖို့ကောင်းနေမည့် အလားအလာရှိနေသည်။ ချစ်သူများနေ့ ဆိုသကိုမဟုတ်ပါလား။ ငယ်ရွယ်သူတွေကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် အသီးသီး တွေးပျော်နေကြသည်။ မနေ့က အပျော်၊ ဒီနေ့ အပျော်၊ မနက်ဖြန် အပျော်နှင့် ရက်တွေဆက်တိုက်ဖြစ်နေသည့် မော်လမြိုင်လည်း ဖြစ်သည်။

နေ့လယ်ခင်း မွန်းလွဲ ၁ နာရီကျော်ကျော်။ မြူးရွှင်သွက်လက် စည်ကားနေသော ဒီပုံရိပ် ဒီအသံတွေကို မီးသတ်ကား ဥသြဆွဲသံတွေက ရုတ်ခြည်း ဖုံးလွှမ်းလာကာ ဆောင့်ပိတ်လိုက်သလို။

“မီး တဲ့၊ မီး… မီး” ဆိုသော စကားတွေက သူသူငါငါနှုတ်ဖျားက မရည်ရွယ်ဘဲ တညီတည်း ထွက်လာကြသည်။ ‘မောင်ငံဘက် မောင်ငံဘက်’ ဟု တစ်ယောက်က ထအော်သည်။ ‘ပန်းဘဲတန်း ပန်းဘဲတန်း’လို့ နောက်တစ်ယောက်က ဆိုပြန်သည်။ ‘ဘယ်ကလာ၊ အဝေးကြီးပါ။ မြိုင်သာယာဘက်’ ဟု အလုအယက် ဝင်ငြင်းသူလည်း ရှိသည်။

ခုနက ပျော်လက်စ အပျော်တွေကို ကောက်ကနဲ မေ့သွားရသော မော်လမြိုင်ပါပေ။ မီးသတ်ကားဥသြဆွဲသံတွေက မြို့ရဲ့ အရပ်မျက်နှာတိုင်းကနေ ဆူညံမြည်ဟီး ပွက်လောထနေသည်။ ကားတွေက ဟွန်းကို သံရှည်ဆွဲပြီး မောင်းကြပြီ။ ဆိုင်ကယ်ဟွန်းသံ ခပ်ပြတ်ပြတ်ကလည်း လမ်းတိုင်းရဲ့ နေရာအနှံ့ဆီမှာ တတီတီ မင်းမူနေတော့သည်။ စိုးရိမ်ထိတ်လန့်မှုတွေက မြို့ကို မိနစ်အနည်းငယ်လေးအတွင်းမှာ ဆွဲလုယူသွားသည်။

ကောင်းကင်ဆီ မည်းကနဲတလိပ်လိပ် ထိုးတက်လာသော မီးခိုးငွေ့တွေက မြို့ရဲ့ ကောင်းကင်ကို အညိုရောင် ရင့်ရင့် သမ်းသွားစေသယောင်။ အိမ်တွေ ရုံးတွေ ဆိုင်တွေထဲက လူအပေါင်း ရှေ့လမ်းမတွေပေါ် တိုင်ပင်မထားဘဲ အပြိုင်ထွက်လာကြကာ မီးခိုးကို အပြိုင်ရှာကြ၊ ပြကြ။ ရေးကြီးသုတ်ပြာ မောင်းနှင်သွားသော မီးသတ်ကားတွေကို တခါမှ မမြင်ဖူးသလို လိုက်ငေးမောကြည့်ရင်း အာခေါင်ခြောက်သူ ခြောက်ကုန်သည်။ မီးသတ်ကားတွေဆီ အယောင်ယောင်အမှားမှား လက်ညှိုးထိုးပြကာ တစ်စင်း၊ နှစ်စင်း၊ သုံးစင်းနှင့်လိုက်ရေတွက်ကြည့်မိနေသူတွေလည်း ရှိသည်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ‘မော်လမြိုင်မှာ မီးလောင်နေတာ ဘယ်နားလေးလဲဟင်’ ဆိုသည့် စာသားအချို့က အပြိုင်အဆိုင် တက်လာနေသည်။

“မီးလောင်တာက ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးနဲ့ ကပ်လျက်မှာ…”တဲ့။ မိနစ်အနည်းငယ်အတွင်းမှာပဲ အတည်ပြုသတင်းစကားက စိတ်မသက်သာဖွယ် ကြားသိလိုက်ရတော့သည်။

မီးလောင်မှုဖြစ်ပွားရာမှာ ဘိုကုန်းရပ်၊ အောက်လမ်းမကြီး၊ အမှတ်၅၉၀ ရှိ ဦးအောင်ဇော်မင်း(ခ) ဦးဇော်မင်း၏ နေအိမ် ဖြစ်သည်။ အကြောင်းရင်းက စက်သုံးဆီ တရားမဝင် ရောင်းချသည့်နေရာမှာ ဆီပြောင်းလဲ ထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ရာသို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ နယ်မြေခံလူထုနှင့်အတူ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်ကားနှင့် အုပ်ချုပ်မှုယာဉ် ၁၀ စီးကျော်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ မီးဟပ်၍ အိမ်ရှင် ဦးအောင်ဇော်မင်း၏ ဘယ်၊ ညာနှစ်ဖက်ရှိ မျက်နှာ၊ လက်၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကာ မော်လမြိုင်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာ နေအိမ်ရှိ စက်သုံးဆီများကို ပလတ်စတစ်ကော်ပုံးအတွင်းသို့ ပြောင်းလဲထည့်သွင်းရာမှ အပူရှိန်လွန်ကဲကာ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းသွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ်အိမ်တစ်လုံးနှင့် နေအိမ်အတွင်းရပ်တန့်ထားသော Hijet အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ၁ စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ သိရသည်။

ထို့အပြင် ဘေးချင်းကပ်မှ ဦးမြင့်ဦး၏ သွပ်မိုး၊ အင်္ဂတေခင်း၊ ပျဉ်ကာတစ်ထပ်နေအိမ်ဆိုင်ခန်း ၁ လုံး၊ ဦးအောင်မြတ်၏ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ကာ နှစ်ထပ်နေအိမ်ဘေးခြမ်းအနည်းငယ်နှင့် ဦးမောင်အေး (ခ) အပ္ပရောင်း၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ဆိုင်ခန်း ၁ ခန်း၊ ဆိုင်ခန်းအနောက်ဘက်တွင် ရပ်တန့်ထားသည့် Nissan အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီးတို့ကိုပါထပ်မံကူးစက်ကာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

မော်လမြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းအောင်က “ရပ်ကွက်ထဲသူတွေကတော့ ဓာတ်ဆီရောင်းတယ်လို့တော့ပြောကြတယ်။ အဲဒီ မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာ ဓာတ်ဆီဗူးတွေတော့ တွေ့တယ်။ လောလောဆယ်တော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့တော့ အမှုဖွင့်ထားတယ်။ သူလည်း ဒဏ်ရာရထားတော့ ဆေးကုသမှုခံယူနေရတယ်။ လောလောဆယ် ဆေးရုံတက်နေတယ်ဆိုတော့ ဆက်ပြီး စစ်ဆေးမှုမပြုလုပ်ရသေးဘူး”ဟု ရှင်းပြပြောဆိုသည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးအောင်ဇော်မင်း၏ ဘယ်၊ ညာ နှစ်ဖက်ရှိ မျက်နှာ၊ လက်၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကာ မော်လမြိုင်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြောင်း ဒုရဲမှူးမင်းအောင်က အခင်းဖြစ်ပွားသည့်နေ့က ပြောဆိုသည်။

ဖြစ်စဉ်ကို ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ရပ်ကွက်နေပြည်သူများ၏ ဝိုင်းဝန်းမီးသတ်ပေးခဲ့ကြပြီး နေ့လယ် ၂နာရီ မိနစ် ၂၀ တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၃၄၀,၀၀၀ခန့်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓာတ်ဆီလှယ်ထည့်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်းအပေါ် ဦးအောင်ဇော်မင်းကို မော်လမြိုင်မြို့မ ရဲစခန်းတွင် (ပ) ၁၀၇/ ၂၀၁၈ မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ပေါ့လျော့ခြင်းဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။
မွန်ပြည်နယ်အတွင်း တရားမဝင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လိုင်စင်ပြုလုပ်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း၊ မြို့နယ်အလိုက်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနက ကြီးကြပ်၍ ဆောင်ရွက်ရမည်ဖြစ်ပြီး တရားဝင်လိုင်စင်မပြုလုပ်ဘဲ စက်သုံးဆီများကို ဆက်လက်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ မွန်နှင့် ကရင်ပြည်နယ် ရောင်းဝယ်ရေးအရာရှိ ဦးသိန်းထွေး က ဟင်္သာမီဒီယာသို့ ပြောဆိုထားသည်။

“အဓိက နိုင်ငံတော်အတွက် အခွန်အခရရှိဖို့၊ အများပြည်သူတွေအတွက် မီးဘေးအန္တရာယ် ကင်းရှင်းစေဖို့ ရှေးရှုပြီး တရားမဝင်ဆိုင်တွေ ပပျောက်ရေးကို ဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းထွေးက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း၌ ပြောကြားထားသည်။
လူမှုကွန်ရက်စာမျက်နှာထက်တွင် မီးလောင်မှုမြင်ကွင်းကို ရိုက်ကူးထားသော ဓာတ်ပုံများ၊ ရုပ်သံဖိုင်များက ပျံ့နှံ့ခဲ့ရသည်။ ဗိုလ်ချုပ်မွေးနေ့နှင့် တိုက်ဆိုင်စွာ အမှတ်တမဲ့မှ အမှတ်တရဖြစ်စေခဲ့သော မော်လမြိုင်မြို့လယ်ခေါင်က နေ့ခင်းကြောင်တောင် မီးလောင်မှုဖြစ်စဉ်တစ်ရပ်ကိုတော့ ဒေသခံတွေ နောင်မှာလည်း ပြန်လည်၍ သတိတရ ဖြစ်နေပါလိမ့်မည်။

မီးလောင်မှုအခင်းဖြစ်ပွားရာသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ မြိုင်သာယာရပ်ကွက်နေ မော်လမြိုင်မြို့ခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး
က ပြန်ပြောပြသည်မှာ “မီးညွန့်မီးရှိန်က အတော်ပြင်း၊ မီးတောက်က အတော်ကြီးတာပဲ။ သံဖရိန်တွေတောင်မှ ကွေးကောက် တွန့်လိမ်သွားတာ။ လမ်းဟိုဘက် သံလွင်ဈေးဘက်၊ မျက်နှာချင်းဆိုင်က ဈေးဆိုင်တစ်ခုမှာဆို သောက်ရေသန့်ဗူးကြီးတစ်လုံးတောင်ပိန်ချိုင့် ခွက်ဝင်သွားတာ မြင်ခဲ့ရတယ်” ဟူ၍ ဖြစ်သည်။ ဆက်လက်၍ “ကိုယ်နေတဲ့ အိမ်နီးနားပတ်ဝန်းကျင်မှာ စက်သုံးဆီ လောင်စာဆီ တရားမဝင် ရောင်းတဲ့နေရာတွေများ ရှိနေရင်…တကယ့် မလွယ်ကြောပဲဗျာ…။ တွေးကြည့်တာနဲ့တင် အသည်းယား၊ ကြက်သီးထ တယ်” သူက ပုခုံးတွန့်ရင်းမှတ်ချက်ပြုပြောဆိုခဲ့လေသည်။ ။

Written by ခေတ်မင်း

Leave a Reply