ဇူလိုင်လအတွက် COVID-19 ကာလကင်းလွတ်ခွင့် ၇၅ ယူနစ်ဖြင့် ဓာတ်အားခ ပေးဆောင်ထားပြီးသော မီတာစာရွက်တစ်ရွက်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း)

ရန်ကုန် ၊ သြဂုတ် ၁၉

ဓာတ်အားခ ကင်းလွတ်ခွင့်မှ လျှော့ရန် ကျန်ငွေများကို အစားထိုး ပြန်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးသည်။

ယခုနှစ်ကုန်ပိုင်းအထိ ဓာတ်အားခ ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုကြောင်း ကြေညာချက်ကို ဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ် ၁၈ ညပိုင်းက ထုတ်ပြန်ခဲ့သည်။ ထိုအချိန်တွင် ဇူလိုင်လအတွက် ဓာတ်အားခတောင်းခံလွှာများ ရရှိထားပြီး ကျသင့်ငွေကို မူလနှုန်းထားအတိုင်း ပေးချေပြီးသူများလည်း ရှိနေခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွက် ဓာတ်အားခတောင်းခံလွှာတွင် လျှပ်စစ်မီတာခ ယူနစ် ၁၅၀ ထိလျှော့ပေးရမည့်အစား ၇၅ ယူနစ်သာ လျှော့ချ တွက်ချက်ပေးထားသည်။

သို့ဖြစ်ရာ မီတာသုံးစွဲသူများသည် ဓာတ်အား ယူနစ် ၁၅၀ အတွက် ၁၁,၅၅၀ ကျပ် သက်သာခွင့် ရရှိရမည့်အစား ၇၅ ယူနစ်အတွက် ၃,၈၀၀ ကျပ်သာ သက်သာခွင့် ရရှိခဲ့သည့် အနေအထားဖြစ်သည်။

ယင်းအတွက် ရှေ့လမှစကာ လစဉ် စာရင်းညှိ ခုနှိမ်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၁၉ တွင် ထုတ်ပြန်ချက် ထပ်မံ ကြေညာ၍ အသိပေးလိုက်ခြင်း ဖြစ်သည်။

COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကြပ်တည်းခြင်းများစွာ ရှိနေခြင်းကြောင့် သြဂုတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ လစဉ်ယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေကို ကင်းလွတ်ခွင့် (အခမဲ့) ပေးမည်ဟု ဌာနက ယမန်နေ့က ဆိုထားသည်။

အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုထားသော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမူရေးအဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများအားလုံးသည် ယခင်သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉ ဧပြီတွင် “လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိထားပြီး ရည်မှန်းချက်ကတော့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ အနည်းဆုံး အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်ဖို့ပဲဖြစ်ပါတယ်။ ထို့အပြင် အနာဂတ်ရည်မှန်းချက်တွေအဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်မှာ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲလာနိုင်ဖို့ဖြစ်ပြီး ၂၀၃၀-၂၀၃၁ ခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရရှိရေးဆိုပြီး ရည်မှန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု နိုင်ငံပိုင် မီဒီယာကတဆင့် ပြောဆိုထားသည်။

နေမင်းထွဏ်း

ပုံစာ – ဇူလိုင်လအတွက် COVID-19 ကာလကင်းလွတ်ခွင့် ၇၅ ယူနစ်ဖြင့် ဓာတ်အားခ ပေးဆောင်ထားပြီးသော မီတာစာရွက်တစ်ရွက်။
(ဓာတ်ပုံ – အောင်ငြိမ်းချမ်း)

Leave a Reply