Photo - Facebook

နစ်နာကြေး ကျပ် သိန်းငါးထောင် ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲ
++++++++++++++++++++++
၂၀၂၀ ဒီဇင်ဘာ ၈

ဗစ်တိုးရီးယားအမှု တရားခံအဖြစ် စွပ်စွဲ ချုပ်နှောင်ခံထားရရာက ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာကြေး ကျပ် သိန်းငါးထောင် ရလိုမှုနဲ့ တရားမ နစ်နာမှုအဖြစ် စွဲဆိုလိုက်ပြီဖြစ်ကြောင်း ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အများသိ ကြေညာလိုက်ပါတယ်။

“မမှန်မကန် တရားစွဲဆို ချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့် နစ်နာကြေးငွေ ကျပ်သိန်းငါးထောင် ရလိုမှု”ဆိုပြီး တရားစွဲလိုက်တာ ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ခ်အကောင့်ဖြစ်တဲ့ Zaw Win Ko (Khin Maung Zaw) မှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်း နှစ်နာရီကျော်မှာ ရေးသားဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ တာဝန်ယူ တာဝန်ခံသူအနေနဲ့ ရဲချုပ် အောင်ဝင်းဦးကို တရားပြိုင်အဖြစ် ထားရှိတယ်လို့ သိရပါတယ်။

အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာ တင်သွင်းစွဲဆိုလိုက်တာဖြစ်ပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ် သတ်မှတ်ကြားနာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အမှုကို ခရိုင်တရားသူကြီးရဲ့ တရားခွင်က ဆောင်ရွက်မှာဖြစ်ပြီး ခုလာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ အဆိုလွှာကို စိစစ်ဖို့ ချိန်းဆိုထားကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ရေးသားဖော်ပြထားပါတယ်။

တရားလိုရှေ့နေတွေအဖြစ် ဦးခင်မောင်ဇော်အပြင် နေပြည်တော်က တရားလွှတ်တော်ရှေ့နေတွေဖြစ်ကြတဲ့ ဦးနေတူးနဲ့ ဦးသဲမောင်မောင်တို့က လိုက်ပါဆောင်ရွက်ကြဖို့ ရှိနေပါတယ်။ “မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းအဖြစ် အခမဲ့ လိုက်ပါဆောင်ရွက်ကြမှာပါ”လို့ တရားလိုရှေ့နေက ဆိုရှယ်မီဒီယာကတဆင့် ပြောဆိုထားပါတယ်။

ယမန်နှစ် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ ကျူးလွန်သူ တရားခံဟာ ခုချိန်မှာ အစအန ပျောက်နေဆဲပါ။ ဗစ်တိုးရီးယားလို့ အမည်လွှဲ တပ်ထားတဲ့ အသက်သုံးနှစ်အရွယ် ကလေးမဟာ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းမှာ မူကြိုကျောင်းတက်နေရင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရမှုကြောင့် မိခင်ဖြစ်သူက ရဲစခန်းမှာ ၂၀၁၉ မေလ ၁၆ ရက်နေ့မှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ရဲတပ်ဖွဲ့ က သံသယတရားခံအဖြစ် စွပ်စွဲခဲ့သူ ယာဉ်မောင်း ကိုအောင်ကြီးကို အထောက်အထား မခိုင်လုံတဲ့အတွက် တရားရုံးက ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်မှာ လွှတ်ပေးခဲ့ပါတယ်။ နောက်တစ်ရက် ဒီဇင်ဘာ ၁၉ မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားနဲ့ မိဘများရဲ့ နာမည်ရင်း၊ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့သလို ဆိုရှယ်မီဒီယာမှာ ဖော်ပြဖြန့်ဝေခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဟာ ဝေဖန်မှု များစွာကို အပြင်းအထန် ခံခဲ့ရပါသေးတယ်။

#Hinthar News

 

Leave a Reply