မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သောက်သုံးရေ ဖြန့်ဝေပေးရန် ကုမ္ပဏီငါးခုက လာရောက် လျှောက်ထားခဲ့သော်လည်း နည်းပညာ မပြည့်ဝသည့်အတွက်ကြောင့် ပယ်ချခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

လျှောက်ထားလာသည့် ကုမ္ပဏီငါးခုကို ပယ်ချရခြင်းသည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် စနစ်တကျ မရှိခြင်း၊ တိကျသော ရေအရင်းအမြစ် မရှိခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများကို တွေ့ဆုံခြင်း မရှိသည့် အတွက်ကြောင့် ပယ်ချခံခဲ့ရကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“နည်းပညာ အချက်အလက်တွေ မပြည်စုံသေးလို့ ဘယ်ကုမ္ပဏီကိုမှ ကျွန်တော်တို့ မရွေးချယ်ခဲ့ဘူး၊ သူတို့ဘက်က အဆင်ပြေပြီး ပြန်ပြီးတော့ ဆက်သွယ်လာမှ ပြန်လည်ရွေးချယ်သွားမယ်၊ အချိန်ကိုတော့ မကန့်သတ်ထားဘူး”ဟု ၎င်းက ဆိုသည်။

ပယ်ချခံရသည့် ကုမ္ပဏီ ငါးခုတွင် Victor Radiance Co, Ltd ၊ Myanmar Federal Co, Ltd ၊ ဝေအပြည်ပြည်ဆိုင်ရာ Co, Ltd၊ အရှေ့တောင်စွမ်းအင် Co, Ltd နှင့် Avajouel Myanmar Co, Ltd ကုမ္ပဏီ တို့ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီငါးခုသည် မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပေးဝေရန် လာရောက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းကို ၂၄ နာရီ အပြည့် ရေပေးဝေ ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရန်အတွက် အတ္တရံမြစ်ရေကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောဆိုသည်။

written by – ခင်နန်းဌေး

Leave a Reply