နတ်မြားပင်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း သဘာဝအလျောက်ပေါက်နေသော နတ်မြားပင်များကို နေပူခံအခြောက်လှန်းကာ ကုန်ကြမ်းအတိုင်း ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း နတ်မြားပင်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ယခင်က နတ်မြားပင်ကို တံမြက်စည်းအဖြစ် ပြည်တွင်းအသုံးပြုရန်နှင့် ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ကုန်ချောပြုလုပ်ကာ တင်ပို့ခဲ့ကြောင်း ဆက်လက်ပြောသည်။

“အရင်တုန်းကတော့ ကုန်ချောလုပ်တယ်၊ တစ်နိုင်တစ်ပိုင်ပေါ့၊ အခုကျတော့ အခြောက်ခံထားတဲ့ ကုန်ကြမ်း အတိုင်းပဲ ဝယ်တယ်၊ နိုင်ငံခြားပို့တယ်၊ အခုဆို တော်တော်လေးကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်” ဟု ၎င်းကပြောသည်။

နတ်မြားပင်ကုန်ကြမ်းများကို ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်နေပြီး စောင်၊ ကားကူရှင်၊ ဆိုင်ကယ်ကူရှင်နှင့် အခြားပစ္စည်းများပြုလုပ်ရန်အတွက် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝအလျောက်ပေါက်သော နတ်မြားပင်များကို ဇင်းကျိုက်တောင်၊ တောင်ရှေ့နှင့်ကုလားမတောင်ပတ်ဝန်းကျင်တွင် အများဆုံးတွေ့ရပြီး ဇန်နဝါရီလမှ မတ်လအထိသာ ခုတ်ယူနိုင်သည်။

ဒေသခံများအနေဖြင့် မိသားစုအလိုက် တောင်ပေါ်သို့သွားရောက်ကာ နတ်မြားပင်အစိမ်းများကို ခုတ်ယူကာ တိုက်ရိုက်ရောင်းချခြင်း၊ နေလှန်းအခြောက်ခံကာ အစည်းလိုက်ရောင်းချခြင်းများ လုပ်ကိုင်နေကြကြောင်း နတ်မြားပင်ခုတ်ရောင်းသူ ဦးကောင်းတင့်ဆန်းက ပြောသည်။

“ဒီမှာက မိသားစုအလိုက် လုပ်နေတာတွေလည်းရှိတယ်၊ အပင်အစိမ်းလိုက် ချက်ချင်းရောင်းတဲ့သူတွေလည်းရှိတယ်၊ နေလှန်းပြီးတော့ ပြုပြင်တယ်၊ အစည်းလိုက်ထုပ်ပိုးပြီးရောင်းနေတဲ့သူတွေလည်းရှိတယ်၊ ပို့ကုန်လမ်းပွင့်ရင် ပိုရောင်းရတယ်”ဟု ၎င်းင်းက ပြော
သည်။

လက်ရှိတွင် နတ်မြားပင်အစို တစ်ပင်ကို သုံးကျပ်ဖြင့် ဝယ်ယူကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပါက တစ်ပင် ငါးကျပ်အထိပေါက်ဈေးရှိကြောင်းမွန်ပြည်နယ်မှ ထွက်ရှိသော နတ်မြားပင်များအပြင် ကရင်ပြည်နယ်၊ တောင်ငူ၊ ရေး၊ မြိတ်နှင့် ထားဝယ်တို့မှထွက်ရှိသော နတ်မြားပင်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း နတ်မြားပင်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

တောင်သူများအနေနှင့် ပြည်ပပို့ကုန် ပိတ်ထားသည့်အချိန်များနှင့် ကြုံခဲ့ပါက အရင်းအနှီးဆုံးရှုံးမှုများ သာမက အလုပ်
အကိုင် အခက်အခဲများရှိလာနိုင်သော်လည်း ယခုနှစ်တွင် ပြည်ပတင်ပို့ကုန် လမ်းဖွင့်ပေးထားသည့်အတွက် အဆင်ပြေနိုင်သည့် ဈေးရရှိမည်ဟု မျှော်လင့်နေကြကြောင်း သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.