ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင် စခန်းတစ်ခုမှ ကလေးငယ်အချို့ကိုတွေ့ရစဉ် Photo-WFP

ရန်ကုန် ၊ ဇန်နဝါရီလ ၊ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း တပ်မတော် နှင့် တအောင်းလက်နက်ကိုင်အဖွဲ့(TNLA) တိုက်ပွဲများကြောင့် ဒေသခံ သုံးရာကျော်ခန့် စစ်ဘေးရှောင်နေရကြောင်း တအောင်းအမျိုးသားပါတီထံမှသိရသည်။

ယခုလ(၁၀)ရက်နေ့မှ စတင်၍ နမ့်ဆန်တွင် တပ်မတော် နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

“မြို့ပြင်မှာဖြစ်တော့ ဒေသခံတွေကကြောက်လို့ ထွက်ပြေးတိမ်းရှောင်တဲ့သဘောပါ မြို့ပေါ်မှာတော့မရှိဘူး မြို့ကလူတွေက တစ်ခြားမြို့တွေကို သွားကြတယ်။ ကျောက်မဲတို့ မန္တလေးတို့ လားရှိုးတို့ကို အများစုကတော့ မြို့ပေါ်ကလူတွေ စစ်ဘေး ရှောင်တာ” ဟု တအောင်းအမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူးမိုင်းအုဏ်းခိုင်ကပြောကြားသည်။

တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ ဒေသခံပြည်သူ(၁၀၀)ကျော် ၊ လာရှိုးမြို့သို့ ဒေသခံပြည်သူ(၁၅၀)ကျော် နှင့် မန္တလေး မြို့သို့ ဒေသခံ(၁၀၀)ကျော်စစ်ဘေးရှောင်နေကြကြောင်း တအောင်းအမျိုးသားပါတီမှ သိရသည်။

အလားတူ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်နန်းသန်းသန်းအေးကလည်း “၁၄ ရက်နေ့က စစ်ရှောင်ပြည်သူ ၈၀ ကျော်လာရှိုးကိုစစ်ဘေးရှောင်လာတယ်။ လက်ရှိကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာနေရာချထားပေးတယ်။ မိန်းမကလေး နဲ့ သက်ကြီးရွယ်အိုတွေကပိုများတာပေါ့။ လက်ရှိကတော့ စောင်တွေဘာတွေလိုအပ်နေတယ်” ဟု ဆိုသည်။

TNLA တပ်ဖွဲ့အနေဖြင့် ဇန်နဝါရီလ(၁၀) ရက်နေ့တွင် နမ့်ဆန်မြို့တွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ် သဖြင့် နမ့်ဆန်မြို့လုံခြုံရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Leave a Reply