Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၅၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း နမ့်ဆန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ထွန်းက တနင်္လာနေ့တွင် ပြောသည်။

နမ့်ဆန်မြို့ရှိ တောင်ရိုးစေတီကုန်းပေါ်တွင် TNLA တပ်များက လာရောက်တပ်စွဲနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တပ်မတော်က မီဒီယာများကို ပြောကြားထားသလို တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ပြန်လည်ခုခံရခြင်းဖြစ်ကြောင်းလည်း TNLA က ပြီးခဲ့သည့်သုံးရက်က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၈ ရွာခန့်မှ စစ်ရှောင်အနည်းဆုံး ၁၅၀၀ ခန့်မှာ နမ့်ဆန်မြို့ ဇရမ်းကြီး၊ ပန်စရီနှင့် ကရားကြီးစသည့်စခန်းများနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ထွန်းက ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် စက်တင်ဘာ ၁၃ ရက်နေ့တွင် တပ်မတော်မှ လက်နက်ကြီးများနှင့် ပစ်ခတ်သလို ရဟတ်ရယာဉ် ၂ စီး သုံးစွဲကာ တိုက်ခိုက်ခဲ့ပြီး စနေ တနင်္ဂနွေနေ့များတွင်လည်း ရဟတ်ယာဉ်များသုံးစွဲပြီး ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။

ယနေ့ နေ့လယ်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားနေရကြောင်း ၎င်းက ဆိုသည်။

“စစ်ရှောင်တာတစ်ခါမှ ဒီလောက်မများဖူးဘူး၊ ဒီတခါက တိုက်ပွဲတော်တော် ပြင်းပြင်းထန်ထန်ဖြစ်တော့ ပြေးတဲ့သူ တော်တော်များသွားတာ” ဟု ဦးအောင်ထွန်းက ပြောသည်။

ပြီးခဲ့သည့်စနေနေ့က ပန်တူအူးရွာအတွင်းသို့ လက်နက်ကြီးကျရောက်မှုကြောင့် အသက် ၆၀ ခန့်ရှိသည့် ဒေသခံ ဦးအိုက်ထွန်း သေဆုံးခဲ့သလို ၎င်း၏နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ တနင်္ဂနွေနေ့ကလည်း ဟူးချောင်းရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများနှင့် လွှတ်တော်အမတ်များက ဆိုသည်။

ထို့အပြင် တနင်္လာနေ့ နေ့လယ်ပိုင်းက နမ့်ခေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသည့် ကလေးငယ်တစ်ဦးမှာ ကျောပြင်တွင် လက်နက်ကြီးစ ထိမှန်သွားသောကြောင့် နမ့်ဆန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အကူအညီပေးနေသူများက ပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားသည့်နေ့မှ စတင်ပြီး ဟိုချောင်းကျေးရွာနှင့် နမ့်ခေးကျေးရွာများမှ စစ်ရှောင်များ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းလာပြီး လက်ရှိတွင် ဇယန်းကြီးကျောင်း၌ စစ်ရှောင်စုစုပေါင်း ၈၀၀ ကျော် ရှိနေသည်ဟု တိုက်ပွဲရှောင်များ နေရာချထားရေး ကော်မတီ အတွင်းရေးမှူး ဦးစောလွင်က Myanmar Now ကို ပြောသည်။

အခြားစစ်ရှောင်စခန်း ၂ ခု ဖြစ်သည့် ပန်စရီနှင့် ကရားကြီးတို့တွင်လည်း စစ်ရှောင် ၅၀၀ ကျော်ခန့် ရှိနေပြီး နမ့်ဆန်မြို့နှင့် ၈ မိုင်ခန့်ဝေးသည့် ပန်စရီရွာတွင် ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

နမ့်ဆန်မြို့တွင်လည်း စာသင်ကျောင်းများနှင့် စျေးဆိုင်အတော်များများ ပိတ်ထားရသည်ဟု ဒေသခံများက ပြောပြကြသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့က ပြင်ဦးလွင်နှင့် နောင်ချိုရှိနေရာ ၅ ခုကို ပြီးခဲ့သည့်လလယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည်။

တပ်မတော်က ၈ လကြာ တစ်ဖက်သတ်အပစ်ရပ်မှုကို ယခုလ ၂၁ နေ့အထိ သက်တမ်းတိုးထားသလို မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ကလည်း နောက်လ ၉ ရက်နေ့အထိ တစ်လတာ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး သြဂုတ်လ တိုက်ပွဲများအတွင်း ကွတ်ခိုင်တစ်မြို့တည်းတွင်ပင် စစ်ရှောင် ၁၂၀၀ ခန့် ရှိခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ရှိ လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သြဂုတ် ၃၁ ရက်က အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့တို့ ကျိုင်းတုံမြို့တွင် ဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများ ရခဲ့ကြောင်း၊ နှစ်ဘက်အပစ်ရပ်စာချုပ် ရေးထိုးရေးအတွက် တပ်ကိုယ်စားလှယ်များပါဝင်သည့်  နောက်တစ်ကြိမ်ဆွေးနွေးမှုကို အင်္ဂါနေ့ (စက်တင်ဘာ ၁၇ ရက်)တွင် ကျိုင်းတုံမြို့၌ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Leave a Reply