မြဝတီ၊ မတ် ၈ ။ ။ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်ဈေး အနောက်ဘက်၊ သစ္စာလမ်းရှိ မောင်တင်စိန်ရွှေဆိုင်ကို မတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးသည် စစ်စိမ်းရောင် မက်တူးယာဉ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးကို လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

စစ်စိမ်းရောင် မက်တူးယာဉ်ဖြင့် ပါလာသော အမျိုးသမီးက မထက်ထက်ဇွန်ဖြိုးကို လက်ညိုးထိုးပြကာ “သူပဲ”ဟု ပြောသဖြင့် ပခုံးတွင် ကြယ်နှစ်ပွင့်တပ်ဆင်ထားသည့် လူတစ်ဦးမှ သူမဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခြင်း၊ ခြေဖြင့်ကန်ခြင်းများပြုလုပ်ကာ လက်နှစ်ဘက်ကို တစ်ဖက် တစ်ယောက် အတင်းဆွဲခေါ်ပြီး ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

ဖမ်းဆီးခံရသူ မထက်ထက်ဇွန်ဖြိုးကို ပြန်လည်ရရှိရေးအတွက် ရှေ့တန်း ခမရ (၃၁၀) မှ ယာယီတပ်ရင်းမှူးနှင့် အဖွဲ့၊ နယ်ခြားစောင့်တပ် (၁၀၁၇) ဗိုလ်မှူးစောဒီးဒီး ဦးဆောင်သောအဖွဲ့၊ နယ်ခြားစောင့်တပ် (၁၀၁၉) မှ ဗိုလ်မှူး ဖြိုးသူရဝင်းအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ ဆက်လက်ရှာဖွေရာ နယ်ခြားစောင်တပ် (၁၀၁၉) မှ ဗိုလ်မှူး ဖြိုးသူရဝင်းအဖွဲ့၏ ဆက်သွယ် ချိတ်ဆက်မှုကြောင့် မထက်ထက်ဇွန်ဖြိုးကို မြဝတီမြို့မရဲစခန်းသို့ ပြန်လည် အပ်နှံခဲ့ကြောင်း ယင်းရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

လက်နက်ဖြင့် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် မထက်ထက်ဇွန်ဖြိုး၏ ခင်ပွန်းဖြစ်သူ ကိုကျော်ဇင်ဦးက မြဝတီရဲစခန်းသို့ မတ် ၇ ရက်တွင် လာရောက် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှတ်တမ်းတွင် ပါရှိသည်။

အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ လက်နက်ဖြင့် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားသူများကို မြဝတီမြို့မ ရဲစခန်းမှ (ပ) ၁၈၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ – ၃၅၄/ ၃၅၇/၃၂၃/ ၁၁၄ ဖြင့် အမှုရေးဖွင့်ပြီး အဆိုပါ အဖွဲ့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

Written by – ဆုလာဘ်

Leave a Reply