ရန်ကုန်၊ သြဂုတ် ၂၉ ။ ။ မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်ဆိုင်မှုများ မဆုံးရှုံးစေရေးအတွက် မွန်ပြည်နယ် အပါအဝင် မြန်မာ နှင့် ထိုင်းနယ် စပ် ဒေသရှိ ပြည်နယ်များအားလုံးတွင် အသိပညာပေးသင်တန်းများဖွင့်လှစ် သွားရန် အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

logo-copy

အဆိုပါ သင်တန်းများကို မွန်၊ကရင်၊ကယား၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် တနင်္သာရီတိုင်း ဒေသကြီး များရှိ နယ်စပ်ဒေသများတွင် ဖွင့်လှစ်ရန် လျာထားပြီး မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်ဆိုင်မှုကို ဒေသခံ များ သိရှိစေရန် ရည်ရွယ်ကြောင်း မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ထွန်း က ပြောကြားသည်။

ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့ရှိ သောင်ရင်းခန်းမတွင် နယ်နိ မိတ်ရေး ရာသင်တန်းကို စတင်ဖွင့်လှစ်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်။

ယင်းအသိပညာပေးသင်တန်းသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများ အပြင် နယ်စပ်ဒေသ အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ကရင်ပြည်နယ် နယ်ခြား စောင့် BGF၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ မှ တာဝန်ရှိ သူများလည်း တက်ရောက်ကြောင်း မြဝတီမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးထံ မှသိရသည်။

“အခုလို ပြည်နယ်ကနေလာပို့ချတာတစ်ခါမှ မရှိဘူးခမ်းခမ်းနားနားလုပ်တာဒါပထမဦးဆုံးပဲ”ဟု ဒေါ်ရွှေစင်ထွန်း ကပြောကြားသည်။

အဆိုပါ အသိပညာပေးသင်တန်းကို ပြည်နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ရေးအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းသင်ကြားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှသိရသည်။

မိုင်းပေါင်း ၁၃၀ဝ ကျော် ထိစပ်နေသော မြန်မာ-ထိုင်း နှစ်နိုင်ငံ လက်ရှိ နယ်နိမိတ်မျဉ်း(Border Line)မှာ ကိုလိုနီခေတ်တွင် တိုင်းတာခဲ့ခြင်းဖြစ်သောကြောင့် ယခင် အစိုးရအဆက်ဆက် တွင် အသစ်ပြန်လည် တိုင်းတာမှုများ ပြုလုပ်ခဲ့သော်လည်း မိုင်းပေါင်း ၃၆ မိုင်သာ နှစ်နိုင်ငံကြား အတည်ပြု တိုင်းတာနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှသိရသည်။

ယင်းကြောင့် ဇွန်လအတွင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ နယ်နမိတ်မျဉ်းတိုင်းတာမှုများကို ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။

Leave a Reply