​ေမာ်လမြိုင် ၊ စက်တင်ဘာ

မွန်ပြည်နယ်တွင် ၆ လ အတွင်း ယာဉ်မောင်းလိုင်စင် မရှိသူများကိုနယ်လှည့်ကွင်းဆင်းစစ်ဆေးပြီး ယာဉ်မောင်း လိုင်စင် ၂၅၈၂၇ စောင်ပြုလုပ်ပေးခဲ့ကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဒေါ်သိ ၤဂီတိုးက ပြောကြား
သည်။

“မွန်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် ယခုနှစ်မှာဆိုရင် လင်းယုန်စီမံချက် စတင်ဆောင်ရွက်ခဲ့တယ်၊ အခုထိလည်းစစ်ဆေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှဦးစီးဌာနကလည်း အခုလို ဆောင်ရွက်ပေးခဲ့တယ်”ဟုပြည်နယ်ဦးစီးမှူး ဒေါ်သိ ၤဂီတိုးမှ ရှင်းပြသည်။

မော်လမြိုင်ခရိုင်တွင် နယ်လှည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ၃၄ ကြိမ် ပြုလုပ်ခဲ့ပြီးယာဉ်မောင်းလိုင်စင် ၁၇၈၇၂ စောင် ပြုလုပ်ခဲ့သည်။

ထို့ပြင် သထုံခရိုင်တွင်လည်း နယ်လှည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ၂၇ ကြိမ်ပြုလုပ်ခဲ့ပြီးယာဉ်မောင်းလိုင်စင် ၇၉၅၅ စောင် ပြုလုပ်ပေးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

“ကွင်းဆင်းခြင်းကို ၆ လ ဆက်တိုက် ကွင်းဆင်းတယ်၊ ဇွန်လနဲ့ ဇူလိုင်လမှာတော့ ပုံမှန်နယ်လှည့်ကွင်းဆင်းမှုကိုတော့ မဆောင်ရွက်ပါဘူး၊ အထူးနယ်လှည့် ကွင်းဆင်းဆောင်ရွက်မှုတွေကိုတော့ဆောင်ရွက်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နယ်လှည့်ကွင်း ဆင်းစစ်ဆေးမှုတွေအပြင် မော်လမြိုင်မြို့ရှိ တက္ကသိုလ်၊ အထက်တန်းကျောင်းများ၊ တပ်မတော်တပ်ရင်း တပ်ခွဲများကိုလည်း ၁၇ ကြိမ် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။

ယခုနှစ်တွင် မော်လမြိုင်မြို့ ပြည်နယ်ရုံးတွင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးမှု ၆၆ ကြိမ် ပြုလုပ်ပေးခဲ့ပြီး စောင်ရေ ၈၉၂၆ စောင်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

သထုံခရိုင်တွင် ၃၆ ကြိမ် ပြုလုပ်ပေးခဲ့ပြီး စောင်ရေ ၃၈၈၈ စောင်ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

ထပ်မံသွားရောက်ရန်ကျန်ရှိသည့်ဒေသများမှ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်တို့ကို စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် ရေကြီးမှုအန္တရာယ်ကြုံတွေ့ခဲ့ရသည့်မြို့နယ်များရှိပြည်သူများအနေဖြင့် လိုင်စင်စာအုပ်၊ ဝှီးတက် စသည့် ယာဉ်ပိုင်ဆိုင်ကြောင်းအထောက်အထားများ ပျက်စီးဆုံးရှုံးပါက သေချာစစ်ဆေးပြီး ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

စိုင်းထွန်းစံ

Leave a Reply