မော်လမြိုင်၊ အောက်တိုဘာလ ။ ။ ဖိုးချစ်၊မြင့်မြတ်၊ ဆိုတေးတို့အပြင် အခြားနာမည်ကြီး တေးသံရှင်နှင့် သရုပ်ဆောင်များ ပါဝင်မည့် အနုပညာရှင် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့ လက်ရွေးစင် ဘောလုံးအသင်း တို့ ချစ်ကြည်ရေးယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ အမှုဆောင် ဦးစံသိန်းက ဟင်္သာမီဒီယာကို ပြောကြားသည်။

logo-copy

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ ငွေရတုသဘင်အခမ်းအနား အကြိုအထိမ်းအမှတ်အဖြစ်ကျင်းပသည့် အဆိုပါ ချစ်ကြည်ရေးဘောလုံပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သံဖြူဇရပ်မြို့အားကစားဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“သံဖြူဇရပ်မြို့ အထက(၂)ကျောင်းမှ ပြုလုပ်တဲ့ ၂၅ နှစ်ပြည် ငွေရတု သဘင်ပွဲအတွက် ရည်ရွယ်ပြီးတော့ ဒီချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ပြုလုပ်ခဲ့တယ်”ဟု ကျောင်း၏ အမှုဆောင် ဦးစံသိန်းကပြောသည်။

ယင်းဘောလုံးပြိုင်ပွဲ၌ အနုပညာရှင်ဘောလုံးအသင်းတွင် ဖိုးချစ်၊ ဆိုတေး၊ မိုးယံဇွန်၊ နေဒွေး၊ မြင့်မြတ်၊ ဝေယံ၊ ယုန်လေး၊ သူထူးစံ တို့အပြင် အခြားအနုပညာရှင်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ၏ ရုံဝင်ကြေအဖြစ် ၂၀ဝ၀ ကျပ်ကို ကောက်ခံမည်ဖြစ်ကြောင်း အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ ငွေရတုသဘင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

အနုပညာရှင်ဘောလုံး အသင်းနှင့် သံဖြူဇရပ်မြို့ လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ခြင်းအပြင် ကြာကန်ဘောလုံးကွင်တွင်လည်း တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက် မည်ဖြစ်ကြောင်း အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ အမှုဆောင် ဦးစံသိန်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် သံဖြူဇရပ်မြို့၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အစဉ်အဆက် တက်ရောက်ခဲ့ ဖူးသည့် တပည်ဟောင်းအပေါင်းများအနေဖြင့် ငွေရတုသဘင်ကိုအောင်မြင်စွာ ကျင်ပနိုင်ရေး အတွက် အင်တိုက်အားတိုက်ပါဝင်ကြရန် တိုက်တွန်းကြောင်း ငွေရတုသဘင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Leave a Reply