တစ်ခါသားမယ် စီနီယာလူကြီးတွေရောမယ်မွှေးတို့လိုတောင်မရောက်မြောက်မရောက်တွေပါ ပါတဲ့သင်တန်းတစ်ခုမှာဆိုပါတော့။ အဲဒီသင်တန်းက ငြိမ်းချမ်းရေးတရားမျှတရေးနဲ့ပတ်သက်လို့ ၀ိုင်းဝန်းဆွေးနွေးနိုင်ဖို့ နေရာအစုံနယ်ပယ်အစုံကသင်တန်းသားတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီသင်တန်းမှာမယ်မွှေးအပြင် နိုင်ငံရေးလောကထဲကလူတွေရော၊ လူငယ်ခေါင်းဆောင်တွေရော၊ စာရေးတဲ့သူတွေရောပါပါတယ်။ အဲဒီထဲမှာ မန္တလေး က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်စာရေးဆရာကြီးဆရာညီပုလေးလည်းပါတာပေါ့။ သဘောကောင်းတဲ့ ဆရာဟာမယ်မွှေးတို့လိုလူငယ်တွေနဲ့လည်းလိုက်လျောညီထွေ ပျော်ပျော်နေတတ်သူလည်းဖြစ်တယ်။ ဆရာ့ဆီကပညာ

received_967023010045894-တွေအပြင် ဆရာ့ရဲ့ လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးအတွက်ရှေးရှုအားထုတ်တတ်တာလေးတွေကိုလည်းလေ့လာခွင့်ရခဲ့ပါတယ်။ ဆရာနဲ့ အတူချစ်ခင်စွာမျှဝေ သင်ယူခဲ့ကြတဲ့ သင်တန်းဖော်တွေကိုလည်းလွမ်းသမို့ ဒီစာကိုရေးလိုက်တာပဲ။သင်တန်းဆိုပေတဲ့ စာသင်ရတဲ့အပြင် ပညာရစေတဲ့ ကစားနည်းလေးတွေတလှည့် ကိုယ်လက်လှုပ်ရှားမှု တစ်လှည့်လည်းပါတာပေါ့။

သင်တန်းရက်တစ်ခုရဲ့ နေ့လည်မှာတော့ ကစားနည်းအသစ်တစ်ခုကိုကစားကြပါတယ်။ အရင်းရှင်စနစ်ရဲ့ ငွေကြေးအမြတ်အစွန်းမောင်းနှင်မှုအောက်မှ လူတွေ လူတွေ စရိုက်တွေ ငွေနောက်လိုက်ရင်း အသိုင်းအဝိုင်းကိုပါ တရားမဲ့ စေတတ်တာကိုထင်ဟပ်တဲ့ ဂိမ်းတစ်ခုပါ။ Star Power ဆိုတဲ့ Game ဟာမူလကတော့ R.Garry Shirts ဆိုတဲ့ ၁၉၆၀ လောက်ကထွင်ခဲ့တာပေါ့။ သင်တန်းတွေမှာသုံးရင်းနဲ့ တော့ တဖြည်းဖြည်းပုံစံလေးကိုတစ်စိတ်တစ်ပိုင်းခေတ်စနစ်နဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြတ်ညှပ်ကပ် သုံးကြတာလည်းရှိပါရဲ့။ အဲဒီနေ့ကကစားတဲ့ပုံစံကဖြင့် မူရင်းဒီဇိုင်းတော့လည်းမဟုတ်တော့ပါဘူး။ ဒီကစားနည်းကိုမူလထွင်တဲ့ရည်ရွယ်ရင်းကတော့ လူတွေကို ငွေကြေးပါ၀ါနဲ့ မြှူ လိုက်ရင် ဘယ်လောက်အထိစိတ်ဓာတ်ပြောင်းသွားနိုင်သလဲဆိုတာကိုဆွပေးတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ပျော်စရာကောင်းသလိုသင်ယူစရာလည်းအများကြီးပါပါတယ်။

မယ်မွှေးတို့့ ကစားတာကတော့ ထိုင်းဘတ်ငွေစက္ကူ ( အစစ်မဟုတ်) တွေနဲ့ပေါ့။ ဒီကစားပွဲမှာစည်းကမ်းတွေရှိပါတယ်။ ဒီကစားပွဲဟာလူအနည်းဆုံး ၁၅ ယောက်ကနေအများဆုံး ၃၆ ယောက်လောက်နဲ့ ကစားလို့ရပါတယ်။ ၁၈ ယောက်လောက်နဲ့ စရင်တော့ အကောင်းဆုံးပါ။

ဒီကစားနည်းမှာကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ရောင်းကြ ၀ယ်ကြရပါတယ်။ မိမိတတ်အားသရွေ့ငွေရှာရပါတယ်။ ငွေရှာနိုင်တဲ့သူဟာအစွမ်းရှိရင်ရှိသလိုပိုပြီး ပါ၀ါတွေရလာပါတယ်။ တကယ့် ကမ္ဘာ္ဘကိုထင်ဟပ်တဲ့ စီးပွားရေးလောကအသေးစားကလေးပါပဲ။ ဂိမ်းဟာစည်းကမ်းတွေပြောင်းပြောင်းပြီးအနည်းဆုံးသုံးကြိမ်လောက်တော့ လှည့်ကစားရပါတယ်။ အငြင်းအခုံတွေလည်းအကြီးအကျယ်ဖြစ်တတ်ကြ တဲ့အပြင် ဗာဟီရများတဲ့ ကစားနညး်မို့ လို့ ဘေးကထိန်းတဲ့သူ (Facilitators) လည်းသုံးယောက်လောက်တော့ ၀ိုင်းရပါတယ်။

ပထမတစ်ကြိမ်မှာတော့ ကစားဝိုင်းထဲပါ၀င်သူတွေဟာ အားလုံးအဆင့်အတန်းအတူတူပါပဲ။ အမေမွေးကတည်းကအားလုံးဟာလောကကြီးကိုလက်ထဲဘာမှ မပါပဲရောက်လာကြသလိုပေါ့။ ဘယ်သူကမှ ဘယ်သူ့ထက်ချမ်းသာတယ် ဆိုတာလည်းရှိမနေဘူး။ ဘယ်သူကပညာပိုတတ်လို့ ဘယ်သူကငွေပိုရှာနိုင်လို့ ဆိုတာမျိုးရှိမနေဘူး။ အတန်းထဲမှာရှိတဲ့သူတွေအားလုံးဟာတန်းတူညီတူပဲ။ ဘာမှ အခန်းကဏ္ဍတွေလည်းကန့်ထားတာမရှိဘူး။ အဲဒီအချိန်မှာသင်တန်းမှုးတွေကငွေတွေ ထုတ်ပေးပါတယ်။ အားလုံးကိုညီတူမျှတူပေးတာပါ။ တစ်ယောက်ကိုငါးထောင်ပဲဆိုကြပါစို့။ အခုအဲဒီငါးထောင်စီကိုအားလုံးညီတူမျှတူပိုင်ပါတယ်။ ပထမဆုံးအကြိမ်မှာအချိန်ကိုဆယ့်ငါးမိနစ်လောက်သတ်မှတ်ပေးလိုက်တယ် ဆိုပါစို့။ အဲဒီမှာ ၁၅-၂၀ မိနစ်လောက်ပေးပြီး အရောင်းအဝယ်လုပ်ကြရပါမယ်။ အတန်းထဲအင်တာနက်သုံးဖို့ ကွန်ပြူတာကိုလည်းစျေးသတ်မှတ်ပြီးရောင်းနိုင်သလိုမုန့်တွေ၊ ဦးထုပ်တွေ၊ အိတ်တွေ မျက်စိထဲရှိရှိသမျှ အရောင်းအဝယ်လုပ်ကြရပါတယ်။ ရောင်းသူဝယ်သူကျေနပ်ရင်ပြီးတာပါပဲ။ ကိုယ့်ဘာသာစျေးဖြတ်၊ ကြိုက်သူရှိရင်ဝယ်၊ ကြိုက်စျေးရတော့ရောင်း၊ မကြိုက်ရင်လည်းလျှော့စျေးနဲ့ အတင်းထိုးရောင်း။ ၀န်ဆောင်မှုကိုလည်းရောင်းလို့ရပါတယ်။ ဥပမာ- ကျွန်တော် ဇက်ကြောကလေးဆွဲပေးမယ် ၅၀၀ ကျပါမယ် ဆိုတာမျိုးပေါ့။ ကျွန်မပန်းချီဆွဲပေးမယ်၊ တကားကိုတစ်ထောင်ပေးမလားဆိုတာမျိုးပေါ့။ အဲဒီကြားထဲမှာ အရောင်းအဝယ်ကို စီးပွားဖြစ်အောင်ကြိုက်တဲ့နည်းသုံးနိုင်တာပဲ။ တရား၏ မတရား၏ မဟုတ်ဘူးပေါ့၊ အဲဒီတော့ ကျွန်မတို့ အုပ်စုထဲမယ် အပျော်ရယ်စရာသဘောနဲ့ ဖဲဝိုင်းတောင်ထောင်ပြီးငွေရှာတဲ့သူပေါ်လာသေးတာကလား။ ပါတဲ့ အတန်းသားတွေထဲမှာဘုန်းဘုန်းလေးတွေလဲပါတော့ သူတို့ကငွေရှာတတ်တဲ့သူတွေမဟုတ်ဘူးလေ။ အများဆုံးအညာခံရတာကတော့ သူတို့ပါပဲ။ ဥပမာ- ဘဘဦးအုန်းပေးတဲ့ သစ်ပင်ချစ်သူများဆုကိုရသွားတဲ့ ပုပ္ပားကဘုန်းဘုန်းလေးဆိုရင်သူ့ကိုသစ်ပင်ချစ်မှန်းသိတော့ ကျောင်းဆောင်ဘေးကခရမ်းရောင်ပန်းပွင့်တဲ့ သစ်ပင်တွေဝယ်မလား တစ်ပင်ဘယ်လောက်နဲ့ ဆိုပြီးသွားသွားရောင်း ကြတာဘုန်းဘုန်းလေးငါးထောင်ကခဏဆိုကုန်ပါရောလား။

အဲသလို မရောင်းတတ်မဝယ်တတ်ထဲမှာ မယ်မွှေးလည်းပါသပေါ့။ ကိုယ့်လက်ထဲကရောင်းကုန်စွံအောင်မထုတ်တတ်တော့ စိတ်ထင်တာတွေ ချည်းဝယ်ရင်း ပိုက်ဆံကုန်တာပါပဲ။ ဘာတွေဝယ်သလဲဆိုတာကတော့ ဒီစာရဲ့ အသက်မို့ ဝှက်ထားပါရစေဦး။ အဲသလိုနဲ့ စီးပွားရေးသောင်းကျန်တာတကျော့ပြီးသွားတော့ အရင်းတွေ အပြင် အမြတ်တွေမျိုးမျိုးမြက်မြက်ရလိုက်တဲ့ အုပ်စုတွေထွက်လာသလို မယ်မွှေးအပါအဝင် အူတူတူနဲ့ ပိုက်ဆံလည်းအများကြီးကုန်သွားမှာကြောက်၊ အရောင်းအဝယ်ကလည်းမလုပ်တတ်လုပ်တတ် လူတစ်အုပ်ထွက်လာတာပါပဲ။ အဲဒီထက်ဆိုးတာကတစ်ဦးနှစ်ဦးဟာစီးပွားရေးသောင်းကျန်းသူအချို့ရဲ့ ညစ်ကွက်တွေကိုမခံနိုင်ပဲ ကစားဝိုင်းအပြင်ဘက်ထွက်ကိုထိုင်လိုက်တော့တာပါပဲ။

အချိန်စေ့တော့ ပထမတစ်ကြိမ်အရောင်းအဝယ်ခဏကလေးနားဖို့ လူပြန်စုပါတယ်။ အဲဒီမှာလူကိုပိုင်ဆိုင်မှုနဲ့ အတန်းအစားစခွဲတော့တာပါပဲ။ အရောင်းအဝယ်စွံတဲ့ အထုပ်ပိုက်မိတဲ့သူတွေကအခွင့်ထူးခံတွေဖြစ်ကုန်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကိုစီးပွားရေးလုပ်တတ်ကိုင်တတ်သူတွေအဖြစ် နိုင်ငံတော်ဘဏ်ကနေ ( သင်တန်းမှုးတွေပေါ့) ငွေသားဘောနပ်စ်ထုတ်ပေးချီးမြှင့်လိုက်လို့ပါပဲ။ အဲဒီတော့ နဂိုကတည်းကစီးပွားရေးကလည်းလုပ်တတ်ကိုင်တတ်တယ် ပြီးတော့ တရားသည်ဖြစ်စေမတရားသည်ဖြစ်စေငွေရရင်ပြီးရောဆိုတဲ့ နည်းတွေကိုလည်းသုံးသေးတယ် ဆိုတဲ့ လူတစ်စုမှာပိုပြီးသဘောတွေ့မနောခွေ့သွားတော့တာပေါ့။

ကျန်တဲ့သူတွေကတော့မျက်နှာငယ်လေးတွေနဲ့။ ဘော့နပ်စ်ရသူတို့ကတော့ နောက်ထပ်ချီးမြှင့်တဲ့ငွေထုတ်ကိုပိုက်ပြီးရှိရှိသမျှ ဥစ္စာတွေကိုလိုက်သိမ်းယူကြပြန်တယ်။ တကယ်တော့ အပြင်လောကကလည်းဒီအတိုင်းပါပဲ။ ပိုင်ဆိုင်မှုကိုပြနိုင်မှ ဘဏ်တွေကငွေထုတ်ချေးတာပဲမဟုတ်လား။ အစိုးရများဆီကအခွင့်ထူးကိုထပ်ရတဲ့သူတွေဟာများသောအားဖြင့် ပင်ကိုယ်ကပင် ချမ်းသာပြီးသားအင်အားတောင့်တင်းပြီးသားလူတွေဖြစ်ကြတယ်မဟုတ်လား။ ဥပမာ ၂၀၀၈ အမေရိကန်စီးပွားရေးပြိုကျတုန်းကတောင်မှပဲ ပြည်သူတွေဆီကအခွန်နဲ့ပဲကော်ပိုရေးရှင်းကြီးတွေ ပြန်ထူထောင်နိုင်ဖို့ Bail Out လုပ်ပေးရတာမျိုးပေါ့။

ဒီတစ်ခေါက်အရောင်းအဝယ်ကတော့ အရင်တစ်ခေါက်လောက် ပျားပန်းခတ်မမြိုင်တော့ဘူး။ သို့ပေသည့် ဒီတစ်ခါ စည်းကမ်းက မရောင်းမဝယ်ဘဲ နေလို့မရပါတဲ့။ ပါ၀င်သူအားလုံးဟာ ခုနကလိုကိုယ်မလုပ်ချင်တော့ရင် ဘေးထွက်ထိုင်နေလို့မရပါတဲ့။ ပွဲအစကငွေကြေးနဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ငွေပမာဏဟာအပြောင်းအလဲ ဖြစ်ကို ဖြစ်မှ ရမှာပါတဲ့။ ကဲရောင်းကြဝယ်ကြရတော့မယ်ဆိုပေမယ့် ခုတော့ လူတန်းစားလည်းကွဲသွားပြီ။ ပိုင်ဆိုင်မှု ရှိတဲ့သူကအများကြီးရှိ၊ မရှိတဲ့သူကကုန်းကောက်စရာမရှိတော့။ အပြင်ကလောကအတိုင်းပါပဲ။ အဲဒီတော့ စီးပွားရေးအရောင်းအဝယ်ဖြစ်နေသူတွေရဲ့ လက်ထဲမှာသာစျေးကွက်ကရှိတယ်။ သို့သော်သူတို့မှာဒီတစ်ကြော့မှာတော့ နိုင်ငံရေးပါ၀ါတော့မရှိသေးဘူး။ ငွေနဲ့သာခြယ်လှယ်လို့ရတာပဲ။

ဒီတစ်ခေါက်အရောင်းအဝယ်ရဲ့ ( ကစားပွဲရဲ့) အဆုံးသတ်မှာတော့ ငွေများများနဲ့ အထုပ်ကြီးကြီးကျန်တဲ့သူကစက္ကူနဲ့ ညှပ်ထားတဲ့ အဆင်တန်ဆာရွှေကြယ်တွေကိုပိုင်ဆိုင်မှု အနည်းအများအလိုက် ငါးပွင့် လေးပွင့် ဆိုပြီးချီးမြှင့်ခံရတာပဲ။ သဌေးမင်းတွေကတော့ ရွှေကြယ်ပွင့်တွေကိုယ်စီနဖူးမှာပခုံးမှာကပ်လို့ပေါ့။ ပြီးတော့လည်းအဆင့်အတန်းကကွာသွားပြီ။ သူတို့ကအမြင့်ဆုံးအဆင့်အတန်းအနေနဲ့ ကြယ်အများဆုံးရတဲ့သူကထိုင်ခုံခန့်ခန့်ညားညားတစ်နေရာ။ကျန်တဲ့ သူနဲ့ မနီးယိုးစွဲချမ်းသာတဲ့သူတွေကထိုင်ခုံအမြင့်တွေနဲ့ တစ်နေရာမှာစုပြီးထား။ အဲသလိုနဲ့ ပိုင်ဆိုင်မှုနဲ့ တိုင်းပြီးထိုင်ခုံတွေ နိမ့်နိမ့်သွားလိုက်တာနောက်ဆုံးပစ္စည်းမဲ့တွေကတော့ ကြမ်းပြင်ပေါ်ရောက်တာပေါ့။ တကယ့်ဘဝတွေမှာလည်း ဒီလိုပဲဆက်ဆံခံရတာမဟုတ်လား။ ဥပမာငွေနဲ့ စက်ပြီး ၀ယ်လို့ရလာတဲ့ အတန်းပညာရေးမှာတောင်မှပဲ။ ဘယ်ဘွဲ့ရထားမှ ဘယ်နေရာဆိုတာမျိုးဖြစ်လာတာပဲ။ တရားတယ် မတရားဘူးဆိုတာလူ့အဖွဲ့အစည်းကဘယ်လိုလက်ခံထားတယ်ဆိုတာနဲ့သာဆိုင်တာပဲ။

အဲသည်အခါမှာဒီတစ်ကြိမ်နောက်ဆုံးကစားပွဲရဲ့ စည်းကမ်းချက်တွေကတော့ဆိုပြီးသင်တန်းမှုးတွေကလိုက်နာစရာတွေကိုထုတ်ပြန်ပါတော့တယ်။ သည်တစ်ကြိမ်မှာတော့ ရွှေကြယ်များပိုင်ရှင် ( အများဆုံးပထမဆင့်နဲ့သူ့ထက်နည်းနည်းပဲလျော့တဲ့ ဒုတိယဆင့်) တို့ကအစိုးရများသဖွယ် စျေးကွက်ကိုဥပဒေတွေ နည်းဥပဒေတွေ မူဝါဒလမ်းညွှန်ချက်တွေထုတ်ပြီးသတ်မှတ်ကစားနိုင်တဲ့ အာဏာရှိလာတော့မှာဖြစ်တယ်။ အဲဒီအခါကျတော့ မှပဲခုနကမသိလိုက်မသိဘာသာနေပြီးငါတို့ဘာသာငါတို့ ကုန်သည်မလုပ်ချင်လို့ အေးအေးနေတာဘာဖြစ်လဲဆိုတဲ့ လူတွေမျက်လုံးပြူးကုန်တယ်။ မယ်မွှေးလည်းအဲဒီအုပ်စုထဲပါသပေါ့။ သူတို့ရဲ့နေထိုင်လုပ်ကိုင်မှု တွေကိုဟိုလူတွေကဘယ်လိုစည်းကမ်းတွေနဲ့ သတ်မှတ်ပစ်မယ် ဆိုတာသူတို့မှန်းလို့မရဘူးမဟုတ်လား။ အဲသည်အချိန်မှာ အရောင်းအဝယ်ဖွင့်လိုက်ပါတယ်။ သူတို့အုပ်ချုပ်တဲ့ စျေးကွက်ဆိုတော့ သူတို့သဘောပေါ့။ ဒီနားမှာလာရောင်းရင် စျေးကောက်ပေးရမယ် ဆိုတာလည်းပါရဲ့။ သည်နေရာမှာငါတို့ပဲရောင်းမယ် မင်းတို့ လာမရောင်းနဲ့ ဆိုတာလည်းပါရဲ့၊ လာရောင်းတဲ့သူကိုဖမ်းပစ်မယ် ဆိုတာလည်းပါရဲ့၊ ရောင်းသူဝယ်သူတိုင်း မည်ရွေ့မည်မျှ အခွန်ပေးရမယ် ဆိုတာလည်းပါရဲ့။ အချို့စည်းကမ်းတွေကကျေနပ်စရာမကောင်းပါဘူး။ အချို့နဂိုကတည်းကမှ ပစ္စည်းမဲ့လူတန်းစားဖြစ်နေပြီးသားလူတွေကလည်းနေပျော်စမရာမကောင်းတော့ဘူး။ ဒီအရောင်းအဝယ်အသိုင်းအဝိုင်းက သူတို့နဲ့ မပတ်သက်သလိုဖြစ်လာတယ်။ ကစားဝိုင်းအဆုံးသတ်နားမှာ အစိုးရကလည်းကြမ်းလာပါတယ်။ အဲဒီအချိန်မှာခုနကထဲမှာပစ္စည်းမဲ့တွေမဟုတ်သော်လည်းမတရားဘူးလို့ ခံစားရသူတွေကတိုးတိုးကြိတ်ကြိတ်တိုင်ပင်လာကြပါတယ်။

နောက်ဆုံးတော့ ကစားဝိုင်းသိမ်းကာနီး ကိုယ့်နေရာကိုယ်ပြန်နိုင်ပြီလို့ သင်တန်းမှုးကပြောတဲ့ အချိန်မှာထိုင်ခုံပိုင်ရှင်တွေကိုမိမိတို့ ထိုင်ခုံတွေဆီကိုပြန်သွားကြပါတယ်။ သို့သော်သူတို့ နောက်ကျသွားပါပြီ။ လမ်းတစ်ဝက်မှာပဲ သူတို့ကိုပုန်ကန်သူတစ်စုကတားဆီးလိုက်ပြီးကုလားထိုင်တွေကိုတက်သိမ်းလိုက်ပါတယ်။ ဒီကစားနည်းတိုင်းဟာအဲသလိုအာဏာသိမ်းလိုက်တာနဲ့တော့ အဆုံးသတ်တိုင်းမှာ ကြုံလေ့မရှိပါဘူး။ သင်တန်းမှုးတွေကလည်းအခြေအနေကိုထိန်းဖို့ ဘာလုပ်လိုက်ပါလို့ ၀င်ရောက်ပြောဆိုခြင်းမရှိဘူး။ စမ်းသပ်ချက်တစ်ခုလိုလွှတ်ထားတာမျိုးပါ။ ၀ိုင်းဝန်းပါ၀င်ကြသူတွေအားလုံးဟာစီးပွားရေးမက်လုံးကြောင့် ကစားပွဲမှာတောင် ကိုယ်ကျိုးမယုတ်ချင် အသာစီးရချင်တဲ့လူ့သဘောကသူတို့ ဆုံးဖြတ်ချက်တွေမှာပေါ်လာတာပါ။ ဥပမာအရက်ဆိုင်ဖွင့်ရောင်းပြီးစီးပွားဖြစ်သူတွေလည်းပါနိုင်သလိုကာရာအိုကေဆိုင်တွေလည်းဖြစ်လာနိုင်တယ်။ သိသာထင်ရှားတဲ့အချက်ကတော့ စီးပွားရေးလောကမှာစည်းကမ်းတကျ အာဏာကိုထိန်းကွပ်မှုမရှိရင် ၊ မမျှတဘူးဆိုရင် မငြိမ်းချမ်းတာပါပဲ။ လူတန်းစားမညီမျှ မှု ပြင်းထန်လွန်းရင်၊ အဓမ္မစီးပွားရှာတာ၊ အနိုင့်အထက်ပြုတာတွေရှိရင် ပျော်ရွှင်မှုပျောက်ဆုံးသွားတဲ့ နေရာလေးတစ်ခုကိုယ့်မျက်စိအောက်မှာဖြစ်သွားတာကို မြင်ရပါတယ်။

ကဲနောက်ဆုံးမှာတော့ အဲဒီလိုစီးပွားရေးသောင်းကျန်းသူတွေထဲမှာမယ်မွှေးရဲ့ စီးပွားရေးအမြင် ချို့တဲ့ပုံကိုထုတ်ပြောလိုက်ပါဦးမယ်။ မယ်မွှေးဟာသိပ်ပြီးတော့လည်းအပြောကောင်းသူမဟုတ်တာကြောင့် သူ့ပစ္စည်းတွေကမစွံပါဘူး။ သူကအားနာတတ်တာကြောင့် အတင်းလည်းဇွတ်မလုပ်ပါဘူး။ အဲဒီတော့ သူ့ငွေသာပါပါသွားတာပါပဲ။ အဲဒီလို တဝဲလည်လည် အရောင်းအဝယ်လုပ်နေရင်းနဲ့ သူ့အနားကို ဆြာပုဟာရောက်လာပါတယ်။ မယ်မွှေးနဲ့ အတူရှိနေသူကတော့ မယ်မွှေးလိုပဲမအူမလည် လီဆူးပါတီကအမကြီးပါ။ ဆြာပုကပြောပါတယ် သူပုံပြင်တစ်ပုဒ်ရောင်းမယ်၊ ၀ယ်မလားတဲ့။ မယ်မွှေးဟာစာသံပေသံကြားတော့ သည်လိုဆရာဆီကတရားနာရရင်လည်းပိုက်ဆံထွက်ပါစေတန်တာပဲဆိုပြီးတစ်ပုဒ်ငါးရာဆိုပြီးစျေးမဆစ်ဘဲ ၀ယ်ပါတယ်။ အဆစ်ပါတာကတော့ လီဆူးအမပါ။ သူလည်းငါးရာထွက်ပါတယ်။

ဆရာပြောတဲ့ပုံပြင်ကတော့.. “ တစ်နေ့မှာတဲ့ နေပြည်တော်ကတဲ့ သမ္မတအိမ်တော်ရဲ့ တံခါးဝမှာတဲ့ တုန်တုန်ချိချိနဲ့ အမေကြီးတစ်ယောက်ကယောင်လည်ယောင်လည်နဲ့ ရပ်နေတယ်တဲ့။ လုံခြံုရေးတပ်သားလေးကအမေကြီးဆီကိုသွားပြီးအမေကြီးဘာရှာတာတုန်းလို့ မေးသတဲ့။ အမေကြီးကနာမည်တစ်ခုကိုရွတ်ပြသတဲ့။ အဲဒါနဲ့ ရဲဘော်ကလေးကလည်းအမေကြီး “…….” မရှိတော့ဘူး။ ဒါသူ့အိမ်မဟုတ်တော့ဘူးလို့ ပြောသတဲ့။ အဲဒီအခါ အမေကြီးကလည်းသြော်အေးအေးဆိုပြီး ပြံုးပြီးထွက်သွားသတဲ့။

နောက်တစ်နေ့မှာလည်း တာဝန်ကျ ရဲဘော်ကလေးဟာမနက်ခင်းမနေ့ကတွေ့တဲ့ အချိန်မှာပဲအဲဒီအမေကြီးကိုတွေ့ပြန်သတဲ့။ အမေကြီးဒီနေ့ရောဘယ်သူ့ရှာတုန်းလို့မေးတဲ့အခါ။ “ အေးသားရယ် သူရှိသေးလားလို့ပါလို့ မေးသတဲ့ အမေကြီးကိုကျွန်တော်ပြောပြီးပြီမဟုတ်လားဒါသူ့အိမ်မဟုတ်တော့ဘူးလို့”

အဲဒီအခါ မနေ့ကလိုပဲ.. အေးပါ သားရယ် ကျေးဇူးပါလို့ ပြောပြီး တောင်ဝှေးကလေးထောက်လို့ ဖြည်းဖြည်းလှည့်ထွက်သွားသတဲ့။

နောက်တစ်နေ့လည်းအမေကြီးကလာပြန်ရောတဲ့။ အဲဒါနဲ့ရဲဘော်ကလေးကလည်းစိတ်မရှည်တော့ဘူးတဲ့။ ဒီမေးခွန်းပဲထပ်မေးတော့ ဟုတ်တယ် သူ့ မနေတော့ဘူး။ သူမရှိတော့ဘူးဒီမှာ၊ အမေကြီးကဘာလို့ နေ့တိုင်းဒါပဲလာမေးနေရတာလဲလို့ ပြန်မေးတော့ … အမေကြီးက “ ဒါလေးနားထောင်ရတာ နားဝင်ချိုလွန်းလို့ပါသားရယ်” လို့ပြောပြီးလှည့်ပြန်သွားသတဲ့။

ပုံပြင်လည်းဆုံးရောမယ်မွှေးက ဆြာပုဆီကသူ့ပိုက်ဆံပြန်ပေးဆိုပြီးတောင်းရော။ ငွေနှမြောတဲ့ အသံနဲ့ အီးဟီးဒါကသမီးသိပြီးသားပုံပြင်ကြီးဥစ္စာကိုလို့ပြောတော့ ဆြာပုကဒီလိုတော့ ဘယ်ရမလဲ။ ဒါ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ ဆိုပြီးစျေးဆက်ရောင်းဖို့ ရယ်ရယ်မောမောထွက်သွားလေရဲ့။ ကနေ့တော့ ဆရာ့ပုံပြင်ကိုသတိရလို့ပါ။

Leave a Reply