ပြည်တွင်းတွင် လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ကာကွယ်ရန် မလေးရှားနိုင်ငံကို နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်ကြောင်း သိရသည်။

အနိုင်ကျင့်ညှဉ်းပန်းမှုများ ကျယ်ပြန့်စွာဖြစ်ပွားနေသော်လည်း မလေးရှားနိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားများကို ကာကွယ်ရန် ဥပဒေများ ယခုအချိန်အထိ ပြဋ္ဌာန်းခြင်းမရှိသေးကြောင်း အဆိုပါ အဖွဲ့က ထောက်ပြသည်။

မလေးရှားနိုင်ငံတွင် လာရောက် အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများမှာ အလုပ်အကိုင်ကာကွယ်ရေး ဥပဒေများ ချိုးဖောက်ခံရသကဲ့သို့ အလုပ်ရှင်များ၊ ပွဲစားများ၏ ဝင်ငွေ ခေါင်းပုံဖြတ်မှုကိုလည်း ခံရနိုင်ခြေ အလွန်များပြားကြောင်းလည်း ထောက်ပြသည်။

အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့ကဲ့သို့သော အလုပ်သမားစေလွှတ်သည့် နိုင်ငံများနှင့် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ထားသော်လည်း အဆိုပါ သဘောတူစာချုပ်များ အသက်ဝင်အောင် လုပ်မည့် ယန္တရားမရှိကြောင်းလည်း အဆိုပါ အဖွဲ့က ထောက်ပြသည်။

‘အလုပ်ရှင်များစွာမှာ အလုပ်သမားခေါ်ယူသည့် စရိတ်ကာမိစေရန်အတွက် အလုပ်သမားများ၏ ခြောက်လစာ၊ သို့မဟုတ် ထိုထက်များသော လစာများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အကုန်လုံးကို နုတ်ယူကြသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ မိသားစုကို ငွေပြန်ပို့ရန်နှင့် (ပွဲစားခပေးရန်ကျန်ရှိသော) အကြွေးများကို ပေးရန် ငွေကြေးအခက်အခက်ရောက်စေသည်’ ဟု မလေးရှားနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂရှိ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပုံသဏ္ဍန်အားလုံးတိုက်ဖျက်ရေးသဘောတူညီချက်(CEDAW) ဆိုင်ရာ ကော်မတီသို့ တင်သွင်းသည့် HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းအလုပ်သမားများအပေါ် လုပ်အားခေါင်းပုံဖြတ်မှုများအား ကာကွယ်ရန် ဥပဒေများ ပြဋ္ဌာန်းဖို့ မလေးရှားနိုင်ငံ အစိုးရကို ဖိအားပေးရန်လည်း CEDAW ကော်မတီကို HRW က တောင်းဆိုထားသည်။

မလေးရှားနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စများတွင် များစွာ လုပ်ဆောင်လာသော်လည်း လူကုန်ကူးခံရသူများမှာမူ တရားဥပဒေ၏ တရားမျှတမှုကို ခံစားရခြင်းမရှိသေးကြောင်း HRW က ထောက်ပြသည်။

ထို့အတူ အလုပ်ရှင်များနှင့် အလုပ်ခေါ်ပွဲစားများကိုလည်း အလုပ်သမားများထံမှ လစာများ ဖြတ်တောက်ခြင်းအား ရပ်တန့်ရန်လည်း HRW က တိုက်တွန်းခဲ့သည်။

Source: Malaymail online

Leave a Reply