မွန်ပြည်နယ်အတွင်း နိုင်ငံခြား တည်းခိုခွင့် လုပ်ငန်း လိုင်စင်မရှိဘဲ တည်းခိုခွင့်ပြုထားမှုများကို တိုင်ကြားလာပါက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။

“နိုင်ငံခြားသားကတော့ ဘယ်နေရာမှာ တည်းပါတယ်၊ ပြီးတော့ ဘယ်တည်းခိုခန်းမှာ တည်းပါတယ်လို့ တိတိကျကျ လာတိုင်ရင်တော့ ကျွန်တော်တို့က အရေးယူသွားမယ်”ဟု ယင်းက ပြောသည်။

တိုင်ကြားမှုများကို ကနဦး မှန် မမှန် စစ်ဆေးသွားမည်ဖြစ်ပြီး၊ တွေ့ရှိပါက အရေးယူဆောင်ရွက်မှု အပိုင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း

လုပ်ငန်း လိုင်စင်မရှိဘဲ နိုင်ငံခြားသားများကို တည်းခိုခွင့်ပြုသည့် ဟိုတယ်၊ တည်းခိုခန်းများကို ၁၉၉၃ ခုနှစ်က ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ဆီမှာတော့ ဘယ်နိုင်ငံခြားသားမှ လာမတည်းပါဘူး၊ နိုင်ငံခြားသားအများစုက ဈေးသက်သာတဲ့ နေရာမှာ တည်းတာ များပါတယ်”ဟု မြို့ပေါ်မှ တည်းခိုခန်းပိုင်ရှင် တစ်ဦးက ဆိုသည်။

မွန်ပြည်နယ်တွင် နိုင်ငံခြားသား တည်းခိုခွင့် ပြုထားသည့် ဟိုတယ်၊ တည်းခိုခန်း ၄၉ လုံးသာရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။
၂၀၁၆ တွင် မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွားဧည့်သည် ၂၀၂,၅၃၄ ဦး ဝင်ရောက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
Written by – ဇော်ထိုက်

Leave a Reply