Photo : www.logisticsguide.com.mm

ရန်ကုန် သြဂုတ် ၂၆

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို သက်ရောက်မှုကာလအနေဖြင့် ရှေ့လကုန် စက်တင်ဘာ ၃၀ ထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

ယင်းကိစ္စကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ သြဂုတ် ၂၆ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြီးခဲ့သည့် မတ် ၂၉ တွင် ထုတ်ပြန်ခဲ့သော ယင်း ညွှန်ကြားချက်၏ သက်ရောက်ကာလကို ယခု သြဂုတ်လကုန်ရက်ထိ တိုးမြှင့်သတ်မှတ်ထားသည်။ ယခုတဖန် အဆိုပါ ကန့်သတ်ရက်ကိုပင် COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နောက်တစ်လ ထပ်မံသတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ကြောင်း ပို့/ဆက် ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ယခုလို လုပ်ဆောင်ကြောင်း ဌာနက ဆိုသည်။

နေမင်းထွဏ်း

Photo : www.logisticsguide.com.mm

Leave a Reply