Advertisements

ဘားအံ ၊ ဇွန်

ကရင်ပြည်နယ်တွင် ပထမဆုံး ဈေးဝယ်စင်တာကုန်တိုက် (Shopping Mall) ကို ဘားအံမြို့လယ်၊ ယာဉ်ရပ်နားစခန်း(ကားဝင်းဟောင်း) နေရာတွင် အမှတ်အများဆုံး (၇၂.၁၀) ဖြင့် တင်ဒါလေလံအောင်မြင်သော UHM
ဆောက်လုပ်ရေးကုမ္ပဏီက ဇွန်လအတွင်း လုပ်ခွင့်ရရှိသည်နှင့် တစ်ပြိုင်တည်း စတင်လုပ်ဆောင်သွားမည်ဟုသိရသည်။

“ ကျွန်တော်တို့ project ကြီးရဲ့ စီမံကိန်းအရဆိုရင် ၁၁ ဘီလီယံထိရင်းနှီးမြှုပ်နှံသွားပါမယ်” ဟု အဆိုပါကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင်ရွှေက ဇွန်လ ၂၁ရက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြေနေရာလေလံတင်အခမ်းအနားတွင် ဟင်္သာမီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခုဒီရှော့ပင်းစင်တာမှာ ဒေသခံစျေးသည်တွေ လာရောက်ဖွင့်လှစ် ရောင်းချနိုင်ဖို့ သီးခြားမြေညီထပ်မှာ လုပ်ပေးသွားမယ်”ဟု ၎င်းထည့်သွင်းပြောဆိုခဲ့သည်။

ဈေးဝယ်စင်တာဆောက်လုပ်ရန် လျာထားသည့် မြေနေရာမှာ ၃.၃၄ ဧက ကျယ်ဝန်းပြီး ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၌ တည်ရှိကာ ယခင်အစိုးရ လက်ထက်က ယာဉ်ရပ်နားစခန်းဟောင်းနေရာ ဖြစ်သည်။
ယင်းစင်တာတွင် အဆင့်မြင့် စျေးဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ကစားကွင်းများ၊ ဒေသတွင်း ရိုးရာစားသောက်ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ စတင်လုပ်ဆောင်ချိန်၌ အစိုးရအား ကျပ်သိန်း (၅၀၀၀) ပေးသွင်းမည်ဖြစ်ကြောင်း၊ စတင်ချိန်မှ ၂ နှစ် နှင့် ၃ လ အတွင်းအပြီးသတ် တည်ဆောက်ရမည်ဖြစ်ကြောင်းသိရသည်။

“စီမံကိန်းအတွက် မြေဧရိယာကို ပထမအကြိမ် နှစ် (၄၀) ဖြစ်ပြီး (၁၀)နှစ် တစ်ကြိမ် နှစ်(၆၀) တိတိ လုပ်ဆောင်မှာ ဖြစ်ပါတယ်၊ သတ်မှတ်နှစ် ပြည့်သွားရင် ကျွန်တော်တို့ ကျပ်သိန်း(၅၀၀၀၀)သွင်းပြီးသား ဖြစ်သွားမှာပါ” ဟု ၎င်းက ထပ်မံဖြည့်စွက်ပြောသည်။

“ဘားအံမြို့မှာပဲ လိုချင်တာအကုန်ရနိုင်အောင် ဈေးဝယ်စင်တာ ရှော့ပင်းမောကုန်တိုက်ကြီးတစ်ခုကို ၂ နှစ်ခွဲ အတွင်း ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်သွားမယ်”ဟု ပြည်နယ်စီမံ၊ ဘဏ္ဍာ၊ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကပြီးခဲ့သည့် ဧပြီ ၂၁ ရက်က ပြောဆိုထားသည်။

အဆိုပါမြေနေရာမှာ ၂၀၁၀ ခုနှစ်ခန့်က အဝေးပြေးကားဝင်းအဖြစ်မှ ဖျက်သိမ်းထားခြင်းဖြစ်ပြီး မကြာသေးမီက သံဃာတော်များအနေဖြင့် သာသနာ့အဆောက်အအုံ ဆောက်လုပ်ရန် ပြည်နယ်အစိုးရထံအလှူခံခဲ့ဖူးသောနေရာလည်း ဖြစ်သည်။

ယခုကဲ့သို့တည်ဆောက်ရန် သင်္ကြန်မတိုင်မီ မတ်လကတည်းက တင်ဒါ စတင်ခေါ်ယူခဲ့ရာ လျှောက်ထားသည့် ကုမ္ပဏီ ၁၀ခုကျော်ရှိခဲ့ရာမှ ကုမ္ပဏီ လုပ်ငန်းစု သုံးခုကို ပဏာမရွေးချယ်ခဲ့သည်။

ပဏာမစိစစ်ရွေးချယ်မှု အောင်မြင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် ပြီးခဲ့သည့် မေလကုန်ရက်က စင်တာတည်ဆောက်ရေးအတွက် မိမိတို့ လုပ်ဆောင်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တင်ဒါရွေးချယ်ရေး ကော်မတီထံသို့အချိန် တစ်နာရီကြာစီ အစီအရင်ခံတင်ပြခဲ့ရကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် တင်ဒါကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ ယင်းကော်မတီ အတွင်းရေးမှူး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး (မြို့ပြ) ဦးသောင်းဟန်စိုး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ် စည်ပင် ညွှန်ကြားရေးမှူး ဦးစိုးမြင့်၊ လမ်းဦးစီးဌာန၊ မီးသတ်၊ လျှပ်စစ်ဌာနတို့ တက်ရောက်ကာ လေလံတင်ဒါ အောင်မြင်သည့် ကုမ္ပဏီအား အသိအမှတ်ပြုခဲ့သည်။

Written by စောအယ်လ်ဒီ -ကရင်ပြည်နယ်

Advertisements
<

Leave a Reply