နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုတွင် ကရင်တိုင်းရင်းသူတစ်ဦး ပါဝင်

Photo : Internet

မော်လမြိုင် မတ်

၂ဝ၁၉ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု (International Women of Courage Award – IWOU) ရရှိသူ (၁ဝ)ဦးတွင် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသူ နော်ကညောဖော ပါဝင်ရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက သတင်းထုတ်ပြန်ထားသည်။

ဆုရရှိခဲ့သော ကရင်တိုင်းရင်းသူ နော်ကညာဖောသည် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ကရင်အမျိုးသမီးအဖွဲ့ (KWO) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သည်။ စစ်ပွဲ ပဋိပက္ခများအတွင်း အမျိုးသမီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ခေါင်းပုံဖြတ်မှုများကို မှတ်တမ်းပြုစုကာ လုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသော နော်ကညောဖော၏ အတ္ထုပတ္ထိတွင် ဖော်ပြထားသည်။

အဆိုပါဆုကို ၂ဝဝ၇ခုနှစ်မှ စတင်ကာ အမေရိကန် နိုင်ငံခြားရေးဌာနက မတူညီသည့် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ အမျိုးသမီး ၁၂ဝကျော်ကို နှစ်စဉ်ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ယခုနှစ်အတွက် မတ်လ ၇ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ အမေရိကန် နိုင်ငံခြားရေးရုံး၌ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

နှစ်စဉ် ကမ္ဘာ့တစ်ဝန်းမှ အမျိုးသမီး ၁ဝ ဦးကို ပေးအပ်ခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသူ နော်ကညောဖော အပြင် မြန်မာနိုင်ငံဖွား ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ ရာဇီယာ ပါရရှိခဲ့ကြောင်းသိရသည်။

အလားတူ ဆုရရှိခဲ့သော မြန်မာနိုင်ငံဖွား ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ ရာဇီယာသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို တစိုက်စိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်ကြောင်း ဖော်ပြထားသည်။

IWOC Award ဆုသည် ကမ္ဘာပေါ်ရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိ နှင့် ထင်ရှားထူးခြားသော လူ့အခွင့်အရေး၊ တရားမျှတမှု၊ ကျား၊မတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ဦးဆောင်ထောက်ပံ့မှု ၊ အမျိုးသမီးအရေး ပါဝင်လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် အဆိုပါ ဆုကို မြန်မာနိုင်ငံမှ ကျား၊မတန်းတူရေး၊ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအရေး လုပ်ဆောင်နေသော အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်ဇင်မာအောင်နှင့်ဒေါ်စံပယ်ဖြူတို့က ၂၀၁၂ ခုနှစ်နှင့်၂၀၁၅ ခုနှစ်တို့တွင် ရရှိခဲ့ဖူးကြောင်းသိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.