ထို့ပြင် တိုင်းရေးပြည်ရာအခြေအနေအေးချမ်းရန်မှာ ဗမာပညာတတ်အလွှာများ၊ ပညာ မတော်တခေါက် တတ်သော အလွှာများနှင့် နီးနီးစပ်စပ်ပေါင်းထားရန် လိုအပ်သည်။ ထိုအလွှာများ မကျေမချမ်းဖြစ်မှုက ဗြိတိသျှကိုတော်လှန်မည့် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သောကြောင့်ဖြစ်သည်။
သို့ရာတွင် ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံကို ၄င်းတို့၏ လက်အောက်ခံအဖြစ် ထိန်းချုပ်ထားခြင်းကို အလျှော့ပေး မည်မဟုတ်ပေ။ ဗမာပြည်ကြီးသည် အိန္ဒိယ၏ အခြားပြည်နယ်များကဲ့သို့ပင် ဒီမိုကရေစီစနစ်ကိုကျင့် သုံးသယောင်ပြုပြီး လွှတ်တော်ကိုရုပ်ပြ ထားရှိသည်။ အမှန်တကယ်တွင်မူ ထိုလွှတ်တော်ကြီးသည် အာဏာမဆိုစလောက်သာရှိသောလွှတ်တော်ဖြစ်သည်။ ထိထိရောက်ရောက်လုပ်နိုင်သည့်အရာ ဘာတစ်ခုမှမရှိသောလွှတ်တော်ဖြစ်သည်။

အမတ်အများစုသည် အစိုုးရ၏ရုပ်သေးများဖြစ်ကြသည်။ သူတို့တင်သော ဥပဒေကြမ်းများကို မမှည့်ခင်ခြွေသည့် အလုပ်မျိုးကိုပင် အစိုးရက လုပ်စရာမလိုအပ်ပေ။ ထို့ပြင် တိုင်းခရိုင်အသီးသီး ၌ ဗြိတိသျှတို့က ခန့်ထားသော နယ်ပိုင်များမှာ လွှတ်တော်က တင်လာသော အဆိုကိုမကြိုက်လျှင် အမေရိကန်ပြည်ထောင်စု၏ သမ္မတလောက်နီးနီး လုပ်ပိုင်ခွင့်ရထားပီပီ ဗီတိုအာဏာဖြင့် ပယ်ချနိုင်သူများဖြစ်ကြသည်။ သူတို့၏ အထက်တွင်မူ အားလုံးသိကြသည့်အတိုင်း ဗြိတိသျှ အစိုးရက အားလုံးကိုကြိုးကိုင်ထားပါသည်။ သို့သော် သူ့ကို လူမုန်းများဖို့မလိုချေ။

အင်္ဂလိပ်တို့သည် လမ်းများနှင့် တူးမြောင်းများကိုဖောက်သည်။ သူတို့စီးပွားအတွက်ဖြစ်သည်ဆိုသည် မှာငြင်းစရာမရှိပေ။ သို့သော် မြန်မာများကလည်း ထိုအခြေခံဆောက်အဦများမှ ရသော အကျိုးကျေးဇူးရှိကြသည်ဆိုကြပါစို့။ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် တရားဥပဒေစိုးမိုးရေး ဆိုသော အရာများကို မြန်မာများ ခံစားခွင့်ရလာကြပါသည်။ သို့သော်မြန်မာအများစုကြီးသည် လယ်သမားများသာ ဖြစ်ပြီးမိမိလယ်မြေထက်ကျော်လွန်ပြီး စဉ်းစားနိုင်ခြင်းမရှိပေ။ နိုင်ငံတည်နိုင်သည့် အမျိုးသားရေး စိတ်ဓါတ်ပေါ်ပေါက်လာနိုင်လောက်အောင် တောင့်တင်းသည့် ပညာရည်အခံလည်းမရှိကြသေးပါ။

သူတို့ရွာတစ်ခုသည် သူတို့၏ စကြာဝဠာကြီးပင်ဖြစ်သည်။ လယ်ထဲတွင် အေးအေးဆေးဆေးလယ်ထွန်ခွင့်ရနေ သရွေ့သူတို့သည် သူတို့ကိုအုပ်ချုပ်နေသူများမှာ အဖြူလော အမည်းလော ဂရုစိုက်တတ်ကြသည်မဟုတ်။ ဗမာများ၏ နိုင်ငံ့အရေးတွင် မသိလိုက်မသိဘာသာနေတတ်ခြင်းကို ရှင်းရှင်းလင်းလင်းမြင်သာ နိုင်သည့် အချက်မှာ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုအုပ်ချုပ်ရန် စစ်တပ်များစွာမလိုအပ်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ သန်းပေါင်းများစွာသော မြန်မာပြည်သူများကိုအုပ်ချုပ်ရန် အင်္ဂလိပ်တို့သည် ဗြိတိသျှခြေ လျင်တပ်မကြီးနှစ်ခု၊ အိန္ဒိယတပ်မဆယ်ခုနှင့် ခပ်ကျဲကျဲ တာဝန်ပေးထားသော ပုလိပ်များသာလို အပ်ခြင်း ကိုကြည့်နိုင်သည်။ လူဦးရေ ၁၄သန်းမျှရှိသော မြန်မာပြည်၏ လုံခြုံရေးကိုတာဝန်ယူ ထားသူ လက်နက်ကိုင် စုစုပေါင်းမှာ အိန္ဒိယတပ်သားများအပါအဝင် တစ်သောင်းနှစ်ထောင်ခန့်မျှသာရှိသည်။

မြန်မာပြည်ကိုအုပ်ချုပ်နေသည့် ဗြိတိသျှအစိုးရအတွက် အန္တရယ်ပေးနိုင်ခြေအရှိဆုံးရန်သူသည် ပညာတတ်လာသော လူငယ်များဖြစ်ကြသည်။ ထိုသို့ပညာတတ်လာသော လူငယ်အရေအတွက်များ လာလေလေ၊ ပညာကိုပို၍အဆင့်မြင့်မြင့်တတ်လာလေလေ အင်္ဂလိပ်တို့ကိုပုန်ကုန်ရန် နီးစပ်လေလေ ပင်ဖြစ်သည်။ သို့သော်လက်ရှိတွင်မူ ထိုအခြေအနေမျိုးဖြစ်ပေါ်လာလောက်အောင်ပညာတတ် အင်အားမကောင်းသေးပေ။ ပညာတတ်အားမကောင်းရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဗမာအများစုသည် တောင်သူလယ်လုပ်များဖြစ်နေကြခြင်းကြောင့်ပင်ဖြစ်သည်။ ဒုတိယအကြောင်းရင်းကမူ ဗြိတိသျှတို့၏ ပညာရေးစနစ်ဖြစ်သည်။

ဗြိတိသျှတို့ကသင်ပေးသော ပညာသည် အောက်ထစ်ရာထူးများမှ စာရေးစာချီများ၊ မင်းစေများ နှင့် အခြား ကော်လာဖြူအချို့ကို မွေးထုတ်ပေးသည်မျှ လွဲပြီးပေါက်ပေါက်မြောက်မြောက်ဖြစ်ခွင့် ပေးသောပညာရေးမျိုးမဟုတ်ပေ။ သိပ္ပံနည်းပညာနှင့် စက်မှုအတတ်များကို မသင်ပေးရန် တမင်တကာပင် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ထိုမူဝါဒကိုဗမာပြည်တစ်ခုတည်းတွင်သာမဟုတ် အိန္ဒိယတစ်ခွင်လုံးတွင် ကျင့်သုံးခြင်းဖြစ်သည်။ စက်မှုအင်အားကြီးဖြစ်လာလျှင် အိန္ဒိယအနေဖြင့် ဗြိတိသျှအင်ပါယာနှင့် ယှဉ်ပြိုင်ဖက်ဖြစ် လာမည်စိုးရိမ်သောကြောင့် နည်းပညာဆိုင်ရာ ပညာရပ်များကို သင်ကြားပေးခြင်းကိုတမင်ရှောင်ရှားခဲ့ကြသည်။

ဗမာပြည်အနေဖြင့် လက်ရှိပညာတတ်သောလူနည်းစုမှာလည်း အင်္ဂလန်တွင်ပညာသင်ယူခဲ့သူများဖြစ်ကြသဖြင့် ကြွယ်ဝသောအလွှာ တွင်လူနည်းစုအဖြစ်ရပ်တည်နေကြခြင်း ကလည်း တစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှကိုဆန့်ကျင်မည့် တော်လှန်ရေးကိုဦးဆောင်ရန် လုံလောက်သော ပညာတတ်များလည်းမရှိသေးသလို ထိုသို့တော်လှန်သင့်ကြောင်း ဆင်ခြင်ပြောဆိုကြသည့် အသံများလည်း တိတ်ဆိတ်နေသေးသည်။

စီးပွားရေးကိုဆက်လက်သုံးသပ်ကြပါဦးစို့။ ဗမာတို့သည် မိမိတို့ ဘဝအခြယ်လှယ်ခံဖြစ်နေသည့်အပေါ်တွင် မသိလိုက်မသိဘာသာနေနိုင်လွန်းအားကြီးသည်ဟု ထင်သည်။ဒေါသထွက်စရာများရှိနေပါလျှက်နှင့် နှုတ်ဆိတ်လွန်းသည်။ အနည်းဆုံးမကျေနပ်မှုကို ထုတ်ပြဖို့ အားမထုတ်သင့်ပါပြီလော။

အကြောင်းရင်းတစ်ခုမှာ ဗမာတို့သည် စီးပွားပျက်သည်ဟူ သော အဖြစ်ကိုဘယ်နံရောအခါကမျှ များများစားစား မကြုံခြင်းကြောင့် မိမိတို့၏ ဆုံးရှုံးရမှုများကို မသိလိုက်မသိဘာသာ နေနိုင်ခြင်းလည်းဖြစ်နိုင်သည်။ ဗြိတိသျှတို့အနေဖြင့် သတ္တုတွင်းများနှင့် ရေနံတွင်းများကို အုပ်စီးထားသည်။

ကျွန်းသစ်ထုတ်လုပ်ရေး ကိုလက်ဝါးကြီး အုပ်ထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင်ပါဝင်ပတ်သက်နေကြသော ပွဲစားများ၊ စက်ပိုင်များ၊ ပြည်ပသို့ ဆန်တင်ပို့သည့် ကုန်သည်များအားလုံးသည် အမြတ်ကို တနင့်တပိုးရရှိနေကြသည်။ ထိုအချိန်တွင် လယ်လုပ်သောလယ်သမားတို့၏ ဘဝမှာမူ ထိုစီးပွားရေး ဈေးကွက်ကြီးမှ အကျိုးကျေးဇူးများနှင့် မပတ်သက်နေသလိုပင်ဖြစ်သည်။

ဆန်စပါး၊ရေနံအစရှိသည်တို့ကိုအကြောင်းပြု၍ အချိန်တိုအတွင်းချမ်းသာလာခဲ့ကြသော ကုန်သည်ပွဲစား စီးပွားရေးသမား တို့သည် မြန်မာပြည်ကြီး၏ ကောင်းကျိုးကို ဆောင်နေကြသည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော ထိုစီးပွားရေးဈေးကွက်ကြီးမှ ရသော အခွန်အခများကို ဤတိုင်းပြည် အတွက်ပြန်သုံးသည်ထက် အင်္ဂလန်တွင်သုံးရန် မြန်မာပြည်ကြီးမှ ပြန်ပို့နေကြသည်။ ကျွန်ုပ်တို့လူမျိုးများကသာ ရိုးသားဖြောင့်မတ်စွာဝန်ခံစတမ်းဆိုလျှင် ဗြိတိသျှတို့သည် မြန်မာပြည်ကို အရှက်တရားကင်းမဲ့စွာ ဓါးပြတိုက် နေခြင်းသာဖြစ်သည်ဟု ဆိုရမည်။ ဗမာတို့သည် သူတို့မည်သို့မည်ပုံဓါးပြအတိုက်ခံနေကြရသည်ကို သတိမထားမိကြသေး။

မြန်မာပြည်သည် ကြွယ်ဝလွန်းသောကြောင့်တစ်ကြောင်း၊ လူဦးရေမှာ ကျဲပါးနေသေး သောကြောင့်တစ်ကြောင်း၊ အရှေ့တိုင်းသားတို့ထုံးစံအတိုင်း လောဘအပိုမရှိသော ကြောင့်လည်းကောင်း သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများလုယက်ခံနေရခြင်းကို ကောင်းစွာသတိမမူမိကြပေ။ လယ်ကွင်းထဲ တွင်လယ်ထွန်နေသောလယ်သမားတစ်ဦး၏ ဘဝသည် မာကိုပိုလို လက်ထက်လောက်က ထိုလယ်တွင် ထွန်ခဲ့သော သူ့ဘိုးဘေးများနှင့် ဘာမျှ မကွာပေ။ လယ်မြေများ ကျယ်ပြောလှသောကြောင့် ထိုလယ်သမားသည် လိုချင်သည့်ဆန္ဒရှိလျှင် လယ်ကိုဈေးကြီးပေးစရာမလိုဘဲ ဝယ်နိုင်သေးသည်။

သူတို့ဘဝကားဆင်းတောင့်ဆင်းရဲဖြစ်နေသည်မှာမှန်၏ သို့သော်သူတို့သည် အပူအပင်ကင်းသည့် ဘဝကိုပိုင်ဆိုင်သည်။ “ဆင်းရဲငတ်မွတ်ခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း” ဟူသော စကားလုံးများမှာ မြန်မာလူ့အဖွဲ့အစည်းတွင် ကြားရတတ်သည့် ဝေါဟာရများမဟုတ်ကြပါ။လူတိုင်းအတွက် အလုပ်ရှိသည်။ လူတိုင်းဗိုက်ဝအောင်စားနိုင်သည်။ ဤအခြေအနေတွင် မည်သည့်အရေးကိုပူပင်စရာလိုသနည်းဟု သူတို့ ထင်နိုင်သည်။

သို့သော် ထိုအခြေအနေသည် သည်အတိုင်းရပ်နေမည်မဟုတ်။ တိုင်းပြည်၏ သယံဇာတကြွယ်ဝချမ်းသာခြင်း သိသာစွာ ဆုတ်ယုတ်လာသည့်အချိန်တွင် သောကများကြရတော့မည်။ မြန်မာပြည်သည် ပထမကမ္ဘာစစ်ကြီးပြီး ကတည်းက အတန်ငယ်တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း လယ်သမားတို့၏ ဘဝကိုကြည့်လျှင် လွန်ခဲ့သော နှစ်နှစ်ဆယ်ကထက် ပိုပြီးမွဲလာသည်ကိုတွေ့ရမည်။ လယ်သမားတို့သည် သူတို့ပုခုံးပေါ် သို့ရောက်လာသော မြေခွန်၏ လေးလံမှုကိုစတင်ခံစားလာရပြီ။ ထိုလေးပင်နာကျင်မှုကို ပြေလည်စေအောင် လုပ်ပေးနိုင်မည့် စပါးအထွက်နှုန်းသည် သူတို့ကိုမျက်နှာသာမပေးခဲ့ပါ။

လယ်သမားများနည်း တူပင် အလုပ်သမားများ၏ ဝင်ငွေကလည်း ထွက်ငွေကို ကာမိနိုင်အောင် မများပေ။ အကြောင်းရင်းတစ်ခုမှာ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံအတွင်းသို့အိန္ဒိယတိုင်းသားများအား လွတ်လပ်စွာဝင် ရောက်ခွင့်ပေးခဲ့ပြီး နောက် ဗမာတို့၏အလုပ်သမားဈေးကွက်တွင် ပြိုင်ဖက်များ ပေါများလာသောကြောင့်လည်း ဖြစ်သည်။ မြန်မာပြည်သို့ရောက်လာကြသူများတွင် အချို့သော အိန္ဒိယ တိုင်းသားတို့မှာ သူတို့ဇာတိတွင် ထမင်း အနပ်မှန်အောင်ပင် စားနိုင်သူများမဟုတ်ကြ။ ထို့ကြောင့်မြန်မာပြည်သို့ရောက်လာပြီးနောက် အလုပ်လုပ်ရမည်ဆိုရင် အလုပ်မရွေး၊ လုပ်ခအနည်းအများမရွေး ဝင်ရောက်လုပ်ကိုင်ကြသည်။

ထိုသို့ ရွှေ့ပြောင်းလာသူများအပါအဝင် နိုင်ငံလူဦးရေမှာ တိုးပွားလျှက်ရှိရာ နောက်ဆုံး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လူဦးရေဆယ်သန်းခန့်တိုးလာသည်ကိုသိရသည်။ သို့ဖြစ်ရာ ထိုလူဦးရေတိုးနှုန်းအတိုင်းသားသွားလျှင် မြန်မာသည် လူဦးရေ ကြပ်သိပ်နေသောနိုင်ငံတစ်ခု အနှေးနှင့် အမြန်ဆိုသလိုဖြစ်လာတော့မည်။ အခြားလူဦးရေများသောနိုင်ငံများတွင်ကြုံတွေ့ရသကဲ့သို့ပင် လူများစုကြီးတွင်မြေပိုင်မရှိဘဲ အရင်းရှင်စနစ်၏ စနက်အောက်တွင် ငွေဝယ်ကျွန်တစ်ပိုင်း အဖြစ် ဈေးကွက်ကို လည်စင်းပေးလိုက်ရသော ဘဝသို့ရောက်ကြပေတော့မည်။ ထိုအခါတွင် အလုပ်လက်မဲ့ဖြစ်ခြင်းကိုလည်း ရင်ဆိုင်ကြရပေတော့မည်။

ထိုအချိန်သို့ရောက်ခါမှ ဗမာများသည် ယခင့်ယခင်က မိမိတို့ မတွေးမိခဲ့သည်များကို တွေးဖြစ်ကြတော့မည်။ သို့သော် ထိုအချိန်တွင် သူတို့၏ ရေနံတွင်းများ၊ သတ္တုတွင်းများ၊ ဆန်စက်များနှင့် စပါးအရောင်းအဝယ် လုပ်ငန်းများ ကိုဗြိတိသျှတို့က လက်ဝါးကြီးအုပ်ထားပြီးဖြစ်နေလိမ့်မည်။ ထိုအချိန်တွင် သူတို့ ဝမ်းနည်းစွာသဘောပေါက်လာကြမည်မှာ သူတို့နိုင်ငံသည် စက်မှုထွန်းကားသောအခြားနိုင်ငံကြီးများ အလယ်တွင် မျက်နှာငယ်စွာ တည်ရှိနေမည့်အဖြစ်ကိုပင်ဖြစ်သည်။ စက်မှုလုပ်ငန်းများတွင်သူတို့သည် အခြားသူများနှင့် ယှဉ်နိုင်သည့်အစွမ်းအစကင်းမဲ့နေသည့် အဖြစ်ပင်။

ဗြိတိသျှတို့၏ ဗမာပြည်ကိုအုပ်ချုပ်စဉ်က ကျင့်သုံးခဲ့သော နိုင်ငံရေးမူများသည် အိန္ဒိယကိုသူတို့ အုပ်ချုပ်ပုံ နှင့်မကွာလှပေ။ စက်မှုရှုထောင့်မှ ကြည့်လျှင် ဗြိတိသျှတို့က အိန္ဒိယကို ပညာမတတ်အောင် လုပ်ထား ကြောင်းတွေ့မြင်နိုင်သည်။ အိန္ဒိယသည် လက်မှု အခြေခံကုန်စည်များမှလွဲပီးအခြားကုန်များ ထုတ်လုပ် တတ်ခြင်း မရှိပေ။အိန္ဒိယကို မော်တော်ကားထုတ်ခိုင်း၍မရနိုင်၊ ရိုင်ဖယ်မထုတ်နိုင်၊ နာရီ၊လျှပ်စစ်မီး သီးအစရှိသည်တို့ထုတ်လုပ်နိုင်မည်မဟုတ်။ ပင်လယ်ကူးသင်္ဘောကြီးများကို တည်ဆောက်နိုင်မည် မဟုတ်။သို့ဆိုလျှင် သမုဒ္ဒရာကိုလည်းဖြတ်ပြီးကုန်သွယ်နိုင်မည်မဟုတ်။

မိမိဘာသာမထုတ်လုတ်တတ်ရုံမျှသာမဟုတ်၊ အနောက်တိုင်းသားတို့နှင့် ဆက်ဆံနေခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံ သားတို့သည်ယခုအခါ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော ပစ္စည်းများကို မှီခိုနေကြရပြီဖြစ်သည်။ သို့ဖြစ်ရာ အင်္ဂလိပ်တို့သည် ကုန်ချောမထုတ်လုပ်နိုင်သော နိုင်ငံကြီးတစ်ခုထံသို့ သူတို့၏ထွက်ကုန်ပစ္စည်းများ ရောင်းချနိုင်သော ဈေးကွက်ကြီးအဖြစ်မှတ်ယူကာ ကုန်များတင်ပို့နိုင်ကြသည်။ အိန္ဒိယကဲ့သို့ ဗြိတိသျှကိုလိုနီ တစ်ခုတွင် အခြားသော နယ်ချဲ့နိုင်ငံကြီးများက သူတို့ကုန်ချောများရောင်းချရန် ဈေးကွက် ချဲ့ထွင်လာခြင်း ကိုလည်း အကောက်ခွန်များ အဆမတန်ကောက်ယူခြင်းအားဖြင့် တားဆီးထားသည်။ ဈေးကွက် ထိုးဖောက်နိုင်သည့် ပြိုင်ဖက်များကိုဖယ်ရှားပစ်သည်။ အကျိုးရလဒ်မှာ ဗြိတိသျှ စက်ရုံပိုင်ရှင်ကြီးများသည် ဈေးကွက်ကို ပြိုင်ဖက်မရှိလက်ဝါးကြီးအုပ်ထားနိုင်ပြီး အကျိုးအမြတ်ကို တလုံးတဝကြီးခံစားနိုင်ကြသည်။

မြန်မာပြည်အနေဖြင့်မူ ထိုအရင်းရှင် စနစ်ကို ပြင်းပြင်းထန်ထန်မကြုံဘူးသေးဟုဆိုနိုင်သည်။ တောက်လျှောက် လယ်ယာကိုင်းကျွန်းနှင့် သာစီးပွားရှာတတ်ခဲ့သောကြောင့်ဟုဆိုရမည်။ သို့သော် အရှေ့တိုင်းသားတို့သည် အနောက်တိုင်းသားတို့နှင့် ထိတွေ့ဆက်ဆံရသည်နှင့် အမျှ အနောက်မှ ကုန်ပစ္စည်းများကိုလည်း တက်မက်တတ် လာကြသောကြောင့် မြန်မာတို့သည်လည်း သူတို့၏ ဘိုးဘေးများလက်ထက်တွင် အနောက်မှ ပစ္စည်းများကို မှာယူသုံးစွဲမည်မဟုတ်သော်လည်းသူတို့လက်ထက်တွင် ခေတ်မီစက်မှုလုပ်ငန်းများ၏ ထွက်ကုန်များကို စမ်းသပ်ချင်ကြသည်။ သို့ဖြစ်ရာ ဗြိတိသျှတို့အနေဖြင့် မြန်မာပြည်ချမ်းသာသမျှကို ခိုးယူဝှက်ယူရာတွင် နည်းလမ်းနှစ်ခုကိုသုံးနိုင်သည်။ ပထမ- မြန်မာပြည်၏ သဘာဝသယံဇာတများကို ခိုးထုတ်သည်။ ဒုတိယ- နိုင်ငံခြားပစ္စည်းသုံးချင်ဝယ်ချင်လျှက်ရှိသော မြန်မာပြည်ဈေးကွက်ကြီးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ခွင့်ကို ရယူသည်။

မြန်မာပြည်ကြီးသည် စက်မှုအရင်းရှင်းစနစ်ကြီးထဲသို့ အင်္ဂလိပ်ပယောဂဖြင့် ဆွဲသွင်းခံရသောနိုင်ငံဖြစ်လာခဲ့သည်။ ဗမာပြည်သည်လည်း တစ်နေ့တွင် စက်မှုအရင်းရှင်နိုင်ငံ တစ်ခုဖြစ်လာရန်ရည်မှန်းနေလိမ့်မည်။ ထို့ပြင် ဗမာတို့သည် အိန္ဒိယတိုင်းသားတို့စဉ်းစားသကဲ့သို့ပင် လုံခြုံရေးတည်းဟူသော အချက်ကြောင့် ဗြိတိသျှအင်ပါယာလက်အောက်တွင် ဆက်လက်နေထိုင်နေရခြင်းဖြစ် သည်။ သူတို့သည် ပင်လယ်ကူးသင်္ဘောကိုလည်းဆောက်တတ်သူများမဟုတ်၊ လက်နက်လည်းမထုတ်လုပ်နိုင်၊ ယနေ့ခေတ်စစ်ပွဲများတွင်သုံးနေသည့်လက်နက်များကို ထုတ်လုပ်နိုင်ရန်ဝေးစွ။ ယခုအခြေအနေတွင် အကယ်၍ အင်္ဂလိပ်တို့က အိန္ဒိယတိုက်ကြီးကိုလက်လွှတ်လိုက်လျှင်လည်းပြည်ပရန်ဘေး အေးမည်မဟုတ်ပေ။ စိုးမိုးနေသော ကိုလိုနီနယ်ချဲ့ နာမည်ပြောင်းသွားရုံသာရှိမည်။ အင်္ဂလိပ်ပြီးလျှင် နောက်ထပ် နယ်ချဲ့နိ်ုင်ငံကြီး တစ်ခုက အိန္ဒိယကိုသိမ်းရန်ရောက်လာဦးမည်သာ။

ဗြိတိသျှ ဒိုမီနယံစနစ်အရ အိန္ဒိယနှင့် အင်္ဂလိပ်တို့ နှစ်ဖက်သဘောတူထားကြသည်မှာ အိန္ဒိယအတွက် စစ်ရေး လုံခြုံမှုကို အင်္ဂလိပ်က အာမခံပေးထားပြီး အိန္ဒိယအတွင်း စီးပွားရေးဈေးကွက်လက်ဝါးကြီးအုပ်ခွင့်ကို အင်္ဂလိပ် တို့ အားပြန်ပေးရသည်။ သို့သော်ထိုအပေးအယူတွင် အင်္ဂလိပ်ကအသာစီးပိုရသည်။ အဘယ်ကြောင့် ဆိုသော် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့က အိန္ဒိယတစ်ဝှန်းသို့ ခြေတံလက်တံ ရှည်ရှည်ဖြန့်နိုင်သောကြောင့်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် မြန်မာနိုင်ငံအနေဖြင့် အင်္ဂလိပ်အုပ်ချုပ်ရေးထံမှ မရည်ရွယ်ဘဲရလာသော အကျိုး ကျေးဇူး အနည်းငယ်ရှိပါသည်။ သို့သော် ထိုရလဒ်များအတွက် အင်္ဂလိပ်တို့ကို မတန်တဆပင်ပြန်ပြီး ပေးဆပ်ရဦးမည်ဖြစ်သည်။ ယခုအချိန်အထိ အင်္ဂလိပ်တို့သည် ဗမာများကို ဖိနှိပ်ညှင်းဆဲမှုမျိုးကို တတ်နိုင်သလောက် ရှောင်နိုင်လျှင်ရှောင်သော နည်းဖြင့် အုပ်ချုပ်နေခဲ့သည်။ ထိုအချိန်တွင် ဗမာများသည် လည်း လယ်ယာစိုက်ပျိုးရေးအခြေခံစီးပွားမှ စက်မှုအခြေခံစီးပွားသို့ ရောက်ရှိလာအောင်ပြောင်း လဲရမည့် ကာလကိုလည်းရောက်ရှိလာပေပြီ။ ယခုဗမာပြည်၏ အခြေအနေကို ၁၈ ရာစု ဥရောပမှ အတွေ့အကြုံများနှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော် ဥရောပနှင့် မတူသည်က ငွေအရင်းအနှီးများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အသိပညာများနှင့် ပါဝါအင်အားကြီးမားမှုများကမူ မြန်မာတို့၏လက်ဝယ်တွင်မရှိဘဲ နိုင်ငံခြားသားများလက်ထဲသို့ရောက်နေခြင်းပင်ဖြစ်သည်။

အဆုံးတွင် မြန်မာနိုင်ငံသည် အခြားကိုလိုနီနယ်ချဲ့နိုင်ငံများ၏ ရန်ကိုကာကွယ်ရန် အလို့ငှာ အင်္ဂလိပ်တို့၏ အာဏာရှင်စနစ်အောက်တွင်နေထိုင်နေကြရသည်။ သို့သော် ထိုအာဏာရှင်တို့သည် သူတို့အတွက် မြန်မာပြည်ကြီးတွင် ထုတ်ယူစရာမရှိတော့သည့် အသုံးမဝင်တော့သည့် တစ်နေ့တွင် နေ့မဆိုင်းဘဲ စွန့်ခွာသွားကြမည်သာဖြစ်သည်။ ဗြိတိသျှအင်ပါယာကြီးနှင့် မြန်မာပြည်တို့ကြားဆက်ဆံရေးမှာ သခင်နှင့် ကျွန်တို့၏ ဆက်ဆံရေးမျိုးဖြစ်သည်။ သခင်သည် ကောင်းသောသခင်လော၊ ယုတ်သော သခင်လော။ မေးခွန်းထုတ်စရာပင်မလိုပေ။ အာဏာရှင်မည်သည် သူ့အကျိုးမှလွဲပြီးအခြားအရာများကို စိတ်မဝင်စား တတ်ပေ။ ယခုအချိန်ထိမြန်မာတို့သည် မိမိတို့ ဘဝမသာယာမှုကို ငြီးငြူနေစရာ အကြောင်းများစွာ မရှိလှသေးသော်လည်း သူတို့ တိုင်းပြည်၏ သယံဇာတကြွယ်ဝမှုများ ခန်းခြောက်ပြီး အစဉ်မပြတ်တိုးတက်လာမည့် လူဦးရေအတွက်လုံလုံလောက်လောက်မရှိတော့သည့် ထိုတစ်နေ့သည် ရောက်လာပေဦးမည်။ ထိုအခါ အရှင်းရှင်စနစ်ကြီးအနေနှင့် မိမိကိုမွေးထုတ်ခဲ့သည့် အရင်းရှင်များကိုသာ ကျေးဇူးပြုတတ်ကြောင်း သူတို့ သိရှိလာကြပေလိမ့်မည်။

Ref: Blair, E.A (1929). How a Nation Is Exploited – The British Empire in Burma. Paris: Le Progrès Civique.

Leave a Reply