Advertisements

ထားဝယ် ဧပြီ ၃

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ ကြေးသွန်းရုပ်တုကို သင်္ကြန်ကာလအလွန် ဧပြီ ၁၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုပ်တုနှင့်ပန်းခြံဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဦးဗဆွေကြေးရုပ်ထုကို ရန်ကုန်မြို့တွင် ထုဆစ် သွန်းလောင်းခဲ့ပြီး ကံဘောက်ဒေသခံများက ပြီးခဲ့သည့်အပတ်တွင် ယာဉ်ဖြင့်သွားရောက်ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်တုကို ဦးဗဆွေ၏ မွေးရပ်ဇာတိ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ကံဘောက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာတွင် ထားရှိသွားမည်ဖြစ်ရာ “ အခုဆိုရင် ၉၀ရာခိုင်နှုန်းလောက်ပြီးနေပြီ ။ ဆေးသွင်းဖို့နဲ့ မီးတွေ နည်းနည်း ဆင်ဖို့ပဲကျန်ပြီ”ဟု ယင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

ကြေးရုပ်ထားရှိရန် ရော်ဘာခြံရှင် တစ်ဦးက မြေလှူဒါန်းပြီး ကုန်ကျစရိတ်ကို ဦးဗဆွေ ၏ ကျန်ရစ်သူ မိသားစုက ကမကထပြုသည်၊ ရုပ်တုအရွယ်အစားမှာ အမြင့် ၆ပေ ၃လက်မရှိပြီး ရုပ်ထု ထားမည့်ခုံတုံးမှာ ၄ပေ ၈လက်မရှိသည်ဟု ၎င်းထံမှ သိရသည်။

ဦးဗဆွေကို ၁၉၁၅ခုနှစ်တွင်အုန်းပင်ကွင်းရွာတွင်မွေးဖွား ခဲ့ပြီး ယင်းရွာဘုန်းကြီးကျောင်းတွင် ပညာစတင်သင်ယူလေ့လာခဲ့သည်။ ရှင်ပြုပြီးမှ မြို့ကျောင်းသို့ပြောင်း၍ ၇ တန်းအထိ အမျိုး သားကျောင်းတွင်နေပြီး ၈တန်းမှစ၍ အစိုးရကျောင်းသို့ ပြောင်းသည်ဟုဦးဗဆွေ၏သားဦးနေညွန့်ဗဆွေ (သမိုင်းဌာန) မှပြုစုရေးသားသည့် ဦးဗဆွေ၏ အတ္ထုပ္ပတ္တိအကျဉ်းအရ သိရသည်။

၁၉၃၅-၁၉၃၆ခုနှစ်ကျောင်းသားသပိတ်တွင်ထားဝယ်ခရိုင် ၏ခေါင်းဆောင်၊၁၉၃၇-၁၉၃၈ခုနှစ်တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၏အမှုဆောင်၊ ၁၉၃၈-၁၉၃၉ခုနှစ်တွင် ယင်း သမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ယင်းနှစ်တွင်ပင် အဆိုပါ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့်အတူ ရေနံမြေ အလုပ်သမားအရေးနှင့်ပတ်သက်၍ မကွေးတွင် ဖမ်းဆီးခံခဲ့ရာမှ ၁၃၀၀ပြည့်အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

၁၉၃၉-၁၉၄၀ခုနှစ်တွင် ထားဝယ်သို့ပြန်၍ တို့ဗမာအစည်း အရုံးတွင်ပါဝင်ခဲ့ကာ ထားဝယ်ခရိုင်အနှံ့ တို့ဗမာအစည်း အရုံးဖွဲ့စည်းပြီး လက်ရုံးတပ်များ ရွာတိုင်းရှိအောင် လုပ် ဆောင်ခဲ့သည်။ ၁၉၄၀ပြည့်နှစ်တွင် ရန်ကုန်သို့ပြန်လာပြီး နယ်ချဲ့တော်လှန်ရေးအတွက်ပြည်သူ့အရေးတော်ပုံပါတီကို လျှို့ဝှက် ဖွဲ့စည်းရာခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၄၁-၄၁ခုနှစ်တွင် တက္ကသိုလ်ပြန်တက်ပြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတွင် ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် ပြည်သူ့အရေးတော်ပုံပါတီ၌ စစ်ဆေးရေးနှင့် စည်းရုံးရေးတာဝန်ကိုထမ်းဆောင်ပြီးနယ်ချဲ့တော်လှန်ရေး အတွက် ပါဝင်ခဲ့သည်။

၁၉၄၅ခုနှစ်တွင် လျှို့ဝှက်ပြည်သူ့အရေးတော်ပုံပါတီကို ဆိုရှယ်လစ်ပါတီအဖြစ်ထူထောင်သောအခါ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖ.ဆ.ပ.လ)တွင် အထွေထွေအတွင်းရေးမှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။

၁၉၅၂ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အစည်းအရုံး ဥက္ကဋ္ဌဖြစ်ခဲ့ပြီး ၁၉၅၂ခုနှစ်တွင်မြန်မာနိုင်ငံတော် အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ကာကွယ်ရေးနှင့်သတ္တုတွင်းဝန်ကြီးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းသို့ တာဝန်အသီးသီးထမ်းဆောင်ရင်း ၁၉၅၆-၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူ၏ဘဝနေဝင်ချိန်ကို စာရေးခြင်း၊စာဖတ် ခြင်းများနှင့်သာ အချိန်ကုန်လွန်ခဲ့ပြီး ၁၉၈၇ခု ဒီဇင်ဘာ ၆ရက်တွင်ကွယ်လွန်ခဲ့သည်။

တင့်လွင်

==

Advertisements
<

Leave a Reply