“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကိုတော့ အထူးသတိပြုပြီးဆောင်ရွက်သွားဖို့ရှိတယ်”

နိုင်ငံတကာ တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို အဓိက လုပ်ဆောင်နေသောအိုင်အက်စ်(IS)အဖွဲ့က မလေးရှားဝန်ကြီးချုပ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများရှိ ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ပစ်မှတ်ထား ကြောင်း စာတစောင်ကို မလေးရှားရဲတပ်ဖွဲ့သို့ သြဂုတ်လ ၁ ရက်နေ့က ပေးပို့လာကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြလျက်ရှိ သည်။ အိုင်အက်စ် အဖွဲ့ ပစ်မှတ်ထား ခံရသူများတွင် မြန်မာအစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အမည်လည်း ပါဝင်လျက်ရှိသည်။ ယင်းသို့ အိုင်အက်စ်အဖွဲ့က ခြိမ်းခြောက်သော သတင်းများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားမှု အခြေအနေများ နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဟင်္သာမီဒီယာက ဆက်သွယ် မေးမြန်း ဖော်ပြလိုက်ရပါသည်။

13007284_981410575289364_2522083797864782281_n

ဟင်္သာမီဒီယာ : မလေးရှားနိုင်ငံကို ပေးပို့လာတဲ့ အိုင်အက်စ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှု နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ လုံခြုံရေးကို ဘယ်လို ဆောင်ရွက်ထားပါသလဲ။

ဦးဇော်ဌေး : ဒီလိုမျိုးအကြမ်းဖက် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ နံပတ်တစ် အချက်အနေနဲ့ ကျွန်တော်တို့ လျော့တွက်လို့တော့မရဘူး။ အလားတူပဲ အများကြီးလည်းကြောက်စရာမလိုဘူး။ ဒီကြားထဲက လုပ်သင့်လုပ်ထိုက်တာ၊ လုပ်နိုင်တာတွေ အားလုံးကို အတက်နိုင်ဆုံး အလေးအနက်ထားပြီး လုပ်မယ်။
နံပတ် နှစ်အချက်က အခုခြိမ်းခြောက်တဲ့ ISIS ရဲ့ သဘောသဘာဝကိုလေ့လာကြည့်ရင် နိုင်ငံတကာမှာ တိုက်ခိုက်ခံရမှုတွေကို လေ့လာရင် အဲဒီနိုင်ငံမှာရှိတဲ့ Home Grow ပေါ့နော်။ ဥပမာ- ပြင်သစ်နိုင်ငံမှာ တိုက်ခိုက်ခံရတယ်ဆိုရင် သူ့တို့နိုင်ငံမှာ နေထိုင်နဲ့ သူတို့နိုင်ငံပေါက် ဆဲလ်တွေပေါ့နော်၊ အဲဒါတွေကို သုံးပြီး လုပ်လေ့လုပ်ထရှိတယ်။ အဲဒီတော့ သူတို့ရဲ့ ဆဲလ်တွေ၊ ကွန်ရက် ကျွန်တော်တို့ နိုင်ငံအတွင်းမှာရော ဘယ်လောက်ထိ ရှိလဲ၊ ဘယ်လိုတွေ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကိုင်နေလဲဆိုတာကို ကျွန်တော်တို့လုံခြုံရေးအဖွဲ့အစည်းတွေ၊ ပြည်ထဲရေးဝန်ကြီးဌာတို့ ပူးပေါင်းစောင့်ကြည့် လေ့လာနေတာရှိတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ သတင်းအချက်အလက်ဖလှယ်ပြီး လုပ်တာလည်းရှိတယ်။ အခု မလေးရှားက သတင်းရတယ်ဆိုရင် မလေးရှား အပါအဝင် ဒေသတွင်းနိုင်ငံတကာ ပေါင်းပြီးတော့ လုပ်နေတာရှိတယ်။ နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေး၊ လုံခြုံရေးအဖွဲ့အစည်းတွေပေါင်းပြီး လုပ်ရမယ်။ နောက်ပြီး တစ်ခုရှိတာက ကျွန်တော်တို့ နိုင်ငံအတွင်းမှာတော့ ဒီလို အစွန်းရောက်အကြမ်းဖက် ဆဲလ်တွေ အများကြီးမရှိနိုင်ဘူးလို့ မှန်းရတာပေါ့နော်။ သို့သော်လည်း ပေါ့လို့ တော့မရဘူး။
နံပတ် သုံးအချက်ကတော့ နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ် လုံခြုံရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနီးကပ် လုံခြုံရေး၊ အတွင်းစည်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေးဆိုပြီး လုံခြုံရေးယူထားတာ လေမျိုးရှိတယ်။ နောက် သာမန်အချိန် လုံခြုံရေးယူတာမျိုးရှိတယ်။ ခုနလို ခြိမ်းခြောက်မှုသတင်းတွေ အဲဒီလို မသင်္ကာဖွယ် သတင်းတွေ ရရှိတဲ့အချိန်မှာ ယူတဲ့လုံခြုံရေးရှိတယ်။ နောက်တစ်ခုက အရေးပေါ်အခြေအနေပေါ့လေ။ ကျွန်တော်တို့ ဝင်လာပြီ တိုက်တော့မယ်ဆိုတဲ့ အရေးပေါ်လုံခြုံရေးယူတာရှိတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ ဖြစ်ပြီ အချိန်ကျရင် လုံခြုံရေးယူတာရှိတယ်။ ဒီလိုပုံစံလေးမျိုး၊ ခုနက လုံခြုံရေးလေးမျိုးကိုလည်း ပိုပြီးတော့ ဆောင်ရွက်ရမယ်။ ပြည်ထဲရေး ဝန်ကြီးဌာနမှာတော့ ဘယ်အချိန် ဘာလုပ်၊ ဘယ်အချိန် ဘာလုပ်ဆိုတာမျိုးကရှိပြီးသားပါ။ သို့သော် သတင်းရတဲ့အတွက် ခုနကပြောသလို ပေါ့လို့လည်းမရဘူး၊ အများကြီးစိုးရိမ်စရာလည်းမရှိဘူး။ ဒါပေမယ့် အလေးအနက်ထားဆောင်ရွက်ရမယ်ဆိုတဲ့ အတိုင်းပဲ အရေးကြီးပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကိုတော့ အထူးသတိပြုပြီးဆောင်ရွက်သွားဖို့ရှိတယ်။

ဟင်္သာမီဒီယာ: ဆိုလိုတာက ဒီလိုသတင်းရရှိထားလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ဖိဖိစီးစီး ဆောင်ရွက်သွားမယ်လိုု့ ပြောချင်တာလားခင်ဗျ။

ဦးဇော်ဌေး: ဖိဖိစီးစီးကို ဆောင်ရွက်ရမယ်။ ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့အတိုင်း IS အဖွဲ့ဟာ ဘယ်မှာပဲ အကြမ်းဖက်တာကို လုပ်လုပ်၊ early message ကိုပေးတယ်။ ပြင်သစ်ဆိုလည်း ပြင်သစ်၊ ဂျာမဏီ ဆိုလည်း ဂျာမဏီ၊ အမေရိကားဆိုလည်း အမေရိကား ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် early message ထွက်တယ်။ အဲဒီ အတိုင်း လုပ်တာလည်း ရှိတယ်။ တကယ်ဖြစ်တာလည်းရှိတယ်။ တစ်ချို့လည်းလုပ်တယ်။ တစ်ချို့လည်း ဖြစ်မလာဘူးပေါ့နော် ။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့က အလေးအနက်ထားပြီး ဖိဖိစီးစီးလုပ်ဖို့ရှိပါတယ်။

ဟင်္သာမီဒီယာ : ဒါဆိုရင် လက်ရှိ မလေးရှားနိုင်ငံနဲ့ သတင်းရယူ ချိတ်ဆက်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျ။ ဘယ်လိုဆောင်ရွက်ဖို့ ရှိမလဲ။

ဦးဇော်ဌေး: ကျွန်တော်တို့မှာက သတင်းချိတ်ဆက်မှုတွေရှိတယ်။ အာဆီယံမှာလည်းရှိတယ်။ နောက်ပြီးဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိတယ်။ နိုင်ငံတကာပေါ့နော် Interpo တို့ နဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေ တာရှိပါတယ်။ ဒါပေမယ့် မလေးရှားမှာ IS အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် အဲဒီ ဒေသမှာ IS ဆဲလ်တွေ ခုနှစ်ရာလောက်ရှိတယ်လို့ ပါတယ်။ ဒါပေမယ့် သူတို့(မလေးရှားအစိုးရ) ကတော့ မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချထားတယ်။ အဲဒီလိုပဲ ပြင်ပမှာရှိတဲ့ IS တွေက သူ့နိုင်ငံအတွင်းမှာရှိတဲ့ IS ဆဲလ်တွေ တိုးပွားလာအောင် လှုံ့ဆော်တဲ့ အနေနဲ့ ဒီလိုမျိုးထုတ်ပြန်တယ်လို့ သူတို့က သုံးသပ်ထားတယ်။ ကျွန်တော်တို့ဘက်ကတော့ မလေးရှားနိုင်ငံအတွင်းက အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေရမယ်ပေါ့နော်။

Photo – Zaw Htay Facebook

Leave a Reply