Advertisements

မော်လမြိုင်၊ မေ ၁၇

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်ခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးကို မော်လမြိုင်မြို့တွင် မေ ၁၄ ရက်နေ့က ဆိုင်ကယ်ခိုးယူမှုဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“ပြစ်မှုကျူးလွန်တဲ့သူ မျိုးမင်းစိုးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်ချမ်းသာနဲ့ လွှတ်ခဲ့တာ မကြာသေးဘူး။ အခုဆိုင်ကယ်ဆိုင်ခိုးမှုနဲ့ ထပ်ပြီး ဖမ်းတာဖြစ်တယ်” ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့မြို့မရဲစခန်းမှ (ပ) ၁,၉၁၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) အမှုမှ ပြစ်မှုကျူးလွန် သူ လွမ်းကိုအောင် (ခ) အင်တုံ (၅၃ နှစ်) ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ စစ်ဆေးထွက်ဆိုချက်အရ ဧပြီလက မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက် မြေတံတားပွဲခင်း၌ ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးကို မျိုးမင်းစိုးနှင့် အတူ ခိုးယူထားခဲ့သည်ဟု ထွက်ဆိုအစစ်ခံသဖြင့် ပြစ်မှုကျူးလွန်ခဲ့သူနှင့် ၎င်းတို့ခိုးယူခဲ့သည့် ဆိုင်ကယ်ကို လိုက်လံရှာဖွေ သိမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ သိရသည်။

ပွဲခင်းအတွင်းမှ ခိုးယူခဲ့သည့် ဆိုင်ကယ်ကို လှိုင်ရပ်ကွက် အုတ်ဖိုလမ်းနေ မပပစိုးထံ ရောင်းချခဲ့ကြောင်း သိရှိခဲ့ရသဖြင့် ယင်းဆိုင်ကယ်ကို ပြန်လည်သိမ်းထားပြီးဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

“တရားခံ လွမ်းကိုအောင် ပထမ သထုံတံတားလမ်းမှာ ခိုးယူခဲ့တဲ့ဆိုင်ကယ်ကိုတော့ အခု မြဝတီမှာ လိုက်လံသိမ်းဆည်းနေပါတယ်။ အခုထိတော့ မတွေ့သေးဘူး” ဟု မော်မြိုင်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်လင်းက ပြောသည်။

ဆိုင်ကယ်များခိုးယူခဲ့သူ လွမ်းကိုအောင်နှင့် မျိုးမင်းစိုး တို့နှစ်ဦးကို မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်း နယ်မြေရဲစခန်း တွင် ဥပဒေအရ အရေးယူပေးရန် မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ထွန်းမင်းလတ်က အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply