Photo From Mon State Parliamennt

မော်လမြိုင် မေ ၃

၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ငွေလုံးငွေရင်း ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ် မြောက် ပိုင်း အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း တည်ဆောက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ တင်ဒါကင်းလွတ်ခွင့်ပြုခဲ့ကြောင်း မွန်ပြည်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောကြားခဲ့သည်။

“မီနီဘတ်ဂျက်က တင်ဒါကင်းလွတ်ခွင့်ရှိပါတယ်။ ဒါက ပြည်ထောင်စုအစိုးရ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ညွန်ကြားချက်ပါ။ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်က တင်ဒါကင်းလွတ်ခွင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မေလ ၃ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မေးခွန်းကို တုန့်ပြန်ဖြေကြားရာ၌ ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဦးစီးဌာနတို့က အဆိုပါလမ်းကို SMD ကုမ္ပဏီအား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးအတွက် မည်သို့သော စည်းကမ်းသတ်မှတ် ချက်များဖြင့် ဆောင်ရွက်စေခဲ့သည် သိလိုကြောင်း ဒေါက်တာအောင်နိုင်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်(SEZ) အကောင်အထည်ဖော်ရန်နေရာသို့ သွားရာလမ်းမှာ နဂိုရှိနေသည့် အောင်သပြေ – နှစ်ကရင်လမ်း၊ နှစ်ကရင် – သပြေလမ်းကို ဖောက်လုပ်နိုင်ခြင်း မရှိ သောကြောင့် အောင်သပြေ – နှစ်ကရင်လမ်းကို ဖောက်သည့် ရင်းနှီးမြှုပ်နှံမှုမျှဖြင့် SEZ ဖြစ်ပေါ်လာ အောင်ဖန်တီးပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“လမ်းကျယ်ကြီးမှာ အလွယ်တကူသွားပြီးတော့ ရင်းနှီးမြှုပ်နှံမှုအဆင်ပြေအောင်၊ လမ်းရယ်၊ ရေနဲ့လျှပ်စစ်မီး ရရှိရေရယ်၊ အဲဒီလို လုပ်ပေးနိုင်မှ အထူးစီးပွားရေးဇုန်(SEZ)တစ်ခု ရမှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ယင်းလမ်းမှာ ငြိမ်းချမ်းရေးအတွက်ရော ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြု အဓိကကျသည့် လမ်းတစ်လမ်းဖြစ်သည့်အတွက် ဖောက်လုပ်ရခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် တင်ဒါညွှန်ကြားချက် (၁/၂၀၁၇) အရတင်ဒါကင်းလွတ် ခွင့်ရှိသည့်အတွက် အမြန်လုပ်လိုက်ရသည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

(၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းများသည် မီနီဘတ်ဂျက်တွင် ကင်းလွတ်ခွင့်ရှိပြီး ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက်မှု ကင်းလွတ်ခွင့် မရှိသည့်အတွက် တင်ဒါခေါ်ယူပြီးဆောင်ရွက်စေခဲ့ကြောင်းလည်း ဒေါက်တာ အေးဇံက ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာအောင်နိုင်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က (၁/၂၀၁၇) တင်ဒါ လုပ်ထုံးလုပ်နည်းများသည် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်၌ ကင်းလွတ်ခွင့်ရှိကြောင်း ညွန်ကြားချက်ကို မည်သည့်အချိန်က ညွန်ကြားပြီး မည်သည့်စာအမှတ်ဖြင့် ထုတ်ပြန်ခဲ့သည်ကို သိလိုကြောင်း ထပ်ဆင့်မေးခွန်း ဆက်လက် မေးမြန်းခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကမှု “ဒါ ကျွန်တော်တို့ အတိုင်ပင်ခံ နဲ့တွေ့တဲ့အခါမှာ၊ အခက်အခဲ တွေရှိတယ်လို့ တင်ပြတဲ့အခါမှာ အတိုင်ပင်ခံက မိုးတွင်းမှာ မီနီဘတ်ဂျက်လည်း ဖြစ်တယ်။ အဲဒါကြောင့် ဒီလမ်းကို တင်ဒါကင်းလွတ်ခွင့်၊ တင်ဒါမခေါ်ဘဲနဲ့၊ အမှန်တကယ်ကတော့ တင်ဒါမခေါ်ဘဲနဲ့ ဌာနကို ခွင့်ပြုလည်း ရပါတယ်၊ ဌာနကလည်း ဒီငွေနဲ့ ဒီလမ်းကို မဖောက်နိုင်ဘူး။ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲဒီကြား ထဲမှာ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာန က အောင်သပြေ- နှစ်ကရင် ကျေးရွာချင်းဆက်လမ်း (၄/၃) မိုင်အကွာအဝေးကို မြေသားတာဘောင်ချဲ့ခြင်း၊ (၁/၄) မိုင်အကွာအဝေး ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအတွက် ငွေလုံးငွေရင်း ကျပ်သန်း (၁၀၀၀) နှင့်အတည်ပြု ဆောင်ရွက်စေခဲ့ပြီး ဒေသအတွင်း လျှပ်စစ်မီးထုတ်လုပ်ဖြငန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် Southern Myanmar Development Co.,Ltd (SMD) မှ တာဝန်ယူကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းနယ်နိမိတ် တိုးချဲ့ သတ်မှတ် ဆောင်ရွက်ရာတွင် ထိခိုက်နစ်နာမှုရှိခဲ့သည့် ခြံပိုင်ရှင်များအား မည်သို့ညှိနှိုင်း ဆောင်ရွက်စေခဲ့သည်ကို သိရှိလိုကြောင်း မေးခွန်းရှင်၏ မေးမြန်းချက်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖြေကြားရာ၌ အောင်သပြေ-နှစ်ကရင် လမ်းလုပ်ငန်း ဆောင်ရွက်ချိန် ၆လတာကာအတွင်း မိုးတွင်းကာလ ဖြစ်နေသည့်အပြင် လုပ်ငန်းဆောင် ရွက်ရန် အချိန်ကာလတိုတောင်းသဖြင့် ပြည်နယ်အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက်ဖြင့် Bedok ကုမ္ပဏီကို လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လိုအပ်သည့်လမ်းအကျယ်ရရှိရန်အတွက် မလွတ်ကင်းသည့်ခြံများအား ၂၀၁၈ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးပြီး ခြံပိုင်ရှင်၊ အစိုးရ၊ ကုမ္ပဏီတို့ သဘောတူညီစွာဖြင့် မြေယာလျော်ကြေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်နယ် စည်ပင်ဝန်ကြီးက ရှင်းလင်း ဖြေကြားထားသည်။

Written by Hinthar Media

Leave a Reply