နိုင်ငံတော် အကြီးအကဲ ခရီးစဉ်တွင် တိုင်စာ ပစ် မပေးရန် သမ္မတရုံး ထုတ်ပြန်

မော်လမြိုင်၊ သြဂုတ်

နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်းခရီးစဉ် အတွင်း၌ စာများ၊ ပစ္စည်းများကို ပစ်ပေးခြင်းမပြုလုပ်ရန် သြဂုတ်လ ၁၅ရက်တွင်နိုင်ငံတော်သမ္မတရုံးမှ ပြည်သူသို့ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်သူအချို့က ၎င်းတို့၏ နစ်နာမှု၊ တိုင်ကြားချက်များ၊ အကြံပြုချက်များကို ရေးသားတင်ပြထားသော စာများအား လက်ဝယ်သို့ ပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ကြပြီးထိုသို့ ပေးအပ်ရန် အခွင့်မသာသည့်အချိန်များတွင် စာများ၊ ပစ္စည်းများကို ပစ်ပေးခြင်းများ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးအတွက် ပြည်သူများအကြားတွင် စိုးရမ်ပူပန်မှုများ မြင့်တက်စေပြီး ဝေဖန်မှုများ တိုးပွားလာသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြရှိသည်။

ထို့ကြောင့် ပြည်သူလူထုက တင်ပြလိုသော စာများ၊ တင်ပြချက်များကို ခရီးစဉ်နှင့်အတူ လိုက်ပါလာမည့် နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးထားသော တိုင်ကြားစာလက်ခံရေးအဖွဲ့သို့ ပေးအပ်ကြပါရန်နှင့် ယင်းအဖွဲ့မှ တင်ပြစာများကို စနစ်တကျ မှတ်ပုံတင်စာရင်းသွင်းလက်ခံ၍ ပျောက်ပျက်မှုမရှိစေဘဲ နိုင်ငံတော်အကြီးအကဲများထံ တင်ပြနိုင်ရန်အတွက် အလေးနက်ထား စီစဉ်ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

မိမိတို့၏ နစ်နာချက်များကို တင်ပြလိုသော ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲများ ဘေးကင်းလုံခြုံရေး၊ ခရီးစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် နားလည်မှုအပြည့်ဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လည်းမေတ္တာရပ်ခံထားသည်။

နိုင်ငံတော်အကြီးအကဲများထံ ပေးပို့လာသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ တင်ပြစာ၊ တိုင်ကြားစာ၊ အသနားခံစာများကို နိုင်ငံတော်သမ္မတရုံး တိုင်ကြားစာဌာန(ဆက်သွယ်ရန် ဖုန်းနှင့် ဖက်စ်နံပါတ် ၀၆၇-၃၄၀၉၁၁၇)က မှတ်တမ်းရေးသွင်း၍ ခိုင်လုံမှုရှိမရှိ စိစစ်ခြင်း၊ ခိုင်လုံမှုရှိသော စာများကို သက်ဆိုင်ရာဌာနအသီးသီးသို့ ပေးပို့ကာ စိစစ်ဆောင်ရွက်စေပြီး တင်ပြသူထံသို့ ပေးပို့စာ လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိသည်ဟု လည်းပါဝင်သည်။

သက်ဆိုင်ရာဌာနအသီးသီးမှ ဆောင်ရွက်မှုများကို နိုင်ငံတော်အကြီးအကဲများထံသို့ ပြန်လည်ပေးပို့လာသောအခါ ဆက်လက်တင်ပြခြင်း၊ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးပို့ခြင်းမရှိသော အမှုတွဲများကို စောင့်ကြည်၍ သက်ဆိုင်ရာဌာနသို့ ထပ်မံအသိပေးအကြောင်းကြားခြင်း၊ တိုင်ကြား/တင်ပြသောစာများအပေါ် သက်ဆိုင်ရာဌာနများ၏ စစ်ဆေးတွေ့ရှိချက်၊ ဖြေရှင်းပေးမှု အခြေအနေများအား ကာယကံရှင်ပြည်သူများထံသို့ အကြောင်းပြန်ကြားပေးခြင်း စသည်လုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.