ဧပြီ ၄ ရက် နံက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ၌ ဒေသခံများအတွက်သာမက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအတွက်လည်းကောင်း၊ ဒေသန္တရလွှတ်တော်အရပ်ရပ်အတွက်လည်းကောင်း ကောင်းကျိုးသက်ရောက်ဖွယ်ရာ အကြောင်းခြင်းရာ တစ်ရပ်ပါဝင်ခဲ့သည်ဟု သုံးသပ်ကောက်ချက်ချဖွယ်ရာ ရှိခဲ့သည်။

ယင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်တင်ပြခဲ့သည့် အခြေခံပြဿနာ ခြောက်ခုကို ဒေသခံတို့ တင်ပြချက်မှတစ်ဆင့် နောက် နှစ်ချက် ထပ်မံတိုးကာ သတိပြုမိသွားစေခြင်းပင် ဖြစ်သည်။

၁၅ ရက်အတွင်း မော်လမြိုင်မြေသို့ နှစ်ခေါက်

လွန်ခဲ့သော ရက်သတ္တနှစ်ပတ်က မော်လမြိုင်မြေသို့ တစ်ကြိမ် ခြေချထားသော ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၄ ရက်တွင် နောက်တစ်ကြိမ် ရောက်ရှိလာသည်။

မတ်လ ၁၈ ရက် နံနက်ခင်းက တစ်ကြိမ် ရောက်ရှိလာခဲ့သေးသည်။ ထိုစဉ်က မော်လမြိုင်မြို့တွင် ခရီးတစ်ထောက်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ အားချင်း ခရီးဆက်သွားခဲ့သည်။ ဘားအံဒေသခံပြည်သူများနှင့် တွေ့ဆုံရန်၊ နောက်တစ်ရက်တွင် မြဝတီမြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ဖွင့်ပွဲ အခမ်းအနားတက်ရောက်ရန်ပင်။ နောက် ၂၃ဝ ကေဗွီမော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း ၅၅ ဒသမ ၃၄ မိုင်နှင့် ၂၃ဝ/၆၆/၁၁ ကေဗွီ ၁ဝဝ အမ်ဗွီအေ မြဝတီ ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သေးသည်။

ပထမတစ်ကြိမ်တွင် မော်လမြိုင်မြို့ခံအချို့ပင် သူမ လာရောက်ခဲ့မှန်း မသိလိုက်သူများ ရှိခဲ့သော်လည်း ယခုတစ်ခေါက်တွင်တော့ မော်လမြိုင်ဒေသခံလူထုနှင့် တွေ့ဆုံသည်၊ နောက် သံလွင်မြစ်ကို ကျော်ဖြတ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ရွာလွတ် ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့သည်။

မော်လမြိုင်လေဆိပ်သို့ ခရီး ဆိုက်ရောက်လာပြီးနောက် ကျိုက်သလ္လန်စေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။

ယင်းမှာ ၁၀ လအကြာခန့်တွင် နောက်တစ်ကြိမ် ရောက်ခဲ့ခြင်းပင်၊ ယမန်နှစ် ၂၀၁၈ ဇွန် ၁၄ ရက်က လာရောက် ဖူးမြော်ခဲ့ဖူးသည်။ ယင်းနောက် မော်လမြိုင်တက္ကသိုလ်၌ ဒေသခံများနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ထိုစဉ်က ပြုလုပ်ခဲ့သေးသည်။

ယခု နောက်တစ်ကြိမ် ဖြစ်သည်။

မှတ်မှတ်ရရဆိုရသော် ယမန်နှစ်က သူမ လာရောက်ဖူးမြော်အပြီး သုံးရက်ခန့်အကြာ မတ်လ ၁၇ ရက်တွင် မိုးလေသည်းထန်မှုကြောင့် စေတီကုန်းတော်မှာ ပြိုကျပျက်စီးမှုဖြစ်စဉ်တို့ ဖြစ်ပေါ်ခဲ့သေးသည်။

လက်ရှိအချိန်တိုင် ပြင်ဆင်မွမ်းမံ ထိန်းသိမ်းဆောင်ရွက်ဆဲပင်။ ဒေါ်အောင်ဆန်းစုကြည်က ယခုတစ်ခေါက်တွင် စေတီ ကုန်းတော်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပျက်စီးမှုများ ပြန်လည်ပြုပြင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။ ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေကျပ် သိန်း ၅ဝဝဝ ကို ဂေါပကအဖွဲ့ထံ နိုင်ငံတော်ကိုယ်စား ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်က ပဋိသန္ဓာရစကား ဆို ဥယျောဇဉ်ပြုသည်။ ပြည်ထောင်စုအရေး၊ ပြည်နယ်အရေး များပင်။

အခြေခံပြဿနာ ခြောက်ခု

ဒေါ်အောင်ဆန်းစုကြည်က မိမိတို့သွားရောက်ခဲ့သည့် နေရာတိုင်းတွင် တင်ပြသည့် ပြဿနာများမှာ တူညီသည်ကို တွေ့ရသည်ဆို၏။

ယခုဆိုလျှင် အခြေခံပြဿနာ ခြောက်ခုရှိသည်ကို တွေ့ရကြောင်း ပြောသည်။သောက်သုံးရေမလုံလောက်မှု ပြဿနာ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ လျှပ်စစ်မီး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ဟူ၍ ခြောက်မျိုးပင်။

(က) သောက်သုံးရေ

လူသားများ အတွက် အခြေခံလိုအပ်ချက် သောက်သုံးရေမလုံလောက်မှု ပြဿနာမှာ နည်းပါးလာသော်လည်း ကျန်ရှိသေး၍ ယင်းကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း သူမကပြော၏။

(ခ) လမ်းပန်းဆက်သွယ်ရေး

လမ်းပန်းဆက်သွယ်ရေးမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အကျိုးသက်ရောက်မှုရှိကြောင်း သူမက ပြော၏။

(ဂ) လျှပ်စစ်မီး

လျှပ်စစ်မီးကို တစ်နိုင်ငံလုံးရရှိစေရန် ကြိုစားနေကြောင်း၊ ယခုနှစ် မကုန်ခင် မိမိတို့နိုင်ငံ၌ ၅ဝ ရာခိုင်နှုန်းကျော် လျှပ်စစ်မီး ရရှိမည်ဟု မျှော်လင့်ထားကြောင်း သူမက ဆိုသည်။နောင် သုံးလေးနှစ်အတွင်း ရာနှုန်းပြည့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ယင်းအတွက် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။ ရည်မှန်းချက်ဆောင်ရွက်ရန်မှာ လိုအပ်ချက်ရှိပြီး ယင်းမှာ ငွေကြေး နှင့် ကျွမ်းကျင်ပညာရှင်များဟု ဆို၏။

(ဃ+င) ပညာရေးနှင့် ကျန်းမာရေး

မိမိတို့နိုင်ငံတွင် ပညာရေးကို ကျန်းမာရေးထက်အလေး ထားသည်ကို တွေ့ရကြောင်း၊ သို့သော် ပညာတတ်ပြီးကျန်းမာရေး မကောင်းပါက ဘဝတွင် ရုန်းကန်ရန် အားနည်းသွားကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့် ကျန်းမာ ရေးကို အလေးထားစေလိုကြောင်း သူမက တိုက်တွန်းစကားဆိုခဲ့သည်။

(စ) လယ်ယာမြေပိုင်ဆိုင်ခွင့်

လယ်ယာမြေပိုင်ဆိုင်ခွင့်ကဏ္ဍကို ဆွေးနွေးရာတွင် သူမက ယခုလို ဆို၏။

ပိုင်ဆိုင်ခွင့်ကို စိတ်ဝင်စားသည်၊ စိုက်ပျိုးမြေကို စိတ်ဝင်စားသည် ဆိုသည်ကို မိမိအနေဖြင့် စဉ်းစားကြောင်း၊ ပိုင်ဆိုင်ခွင့်ကို စိတ်ဝင်စားမှုနှင့် စိုက်ပျိုးမြေကို စိတ်ဝင်စားမှုမှာ မတူညီကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် တိုက်တွန်းစကား ဆိုလိုက်၏။

တောင်သူများအနေဖြင့် အသေအချာအလေးအနက် စဉ်းစားစေလိုကြောင်း၊ မိမိတို့ရပိုင်ခွင့်ကို မိမိတို့အတွက် သာမက အများအကျိုး အတွက်ပါ အသုံးပြုရန် အရေးကြီးကြောင်း၊ မိမိပိုင်ဆိုင်ခွင့်ကို မိမိအတွက်သာမက အများအကျိုးအတွက် အသုံးပြုနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအမြန် ဆုံးတိုးတက်လာမည် ဖြစ်ကြောင်း ဆော်ဩခဲ့လေသည်။

လယ်ယာမြေကိစ္စရပ်များမှာ ပဋိပက္ခများ ရှိပြီး ယင်းကို ဖြေရှင်းရန် မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ရန် လွှတ်တော်ကဆုံးဖြတ်ခဲ့ရာတွင် မည်သည့်အချက်ကို ဦးတည်ဆုံးဖြတ်ခဲ့သည်ဆိုသည် ကို ပြည်သူများအနေဖြင့် သတိပြုစေလိုကြောင်းလည်း နှိုးဆော်ခဲ့၏။

တရားဥပဒေစိုးမိုးရေး

မိမိအနေဖြင့် တရားဥပဒေစိုးမိုးရေးသည် တည်ငြိမ်သည့်နိုင်ငံ အတွက် ကျောရိုးဖြစ်သည် ဟုခံယူပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု ရှိရေး၊ မှန်မှန်ကန်ကန်လုပ် ဆောင်ရေးအတွက် မူလပိုင်ရှင်များကို လယ်ယာမြေများ ပြန်လည်ပေးအပ်ရန် မိမိတို့ သဘောတူခြင်း ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။

သူမ၏ ထင်မြင်ယူဆချက်ကို ယခုလို ဖွင့်ဟခဲ့၏။

လယ်ယာမြေများကို မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဟု မိမိတို့ ထင်မြင်ခဲ့ပါကြောင်း၊ တရားမျှတရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခြေခံပြီး လယ်ယာမြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းကို မှန်ကန်သည်ဟုမိမိတို့ ယူဆပါကြောင်း၊ အဆိုပါ အကြောင်းခြင်းရာ နှစ်ရပ်ကိုပင်။

မူလပိုင်ရှင်ထံ အမြန် အပ်နှံမည်ဟုဆို

မိမိတို့အစိုးရအနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်များအတိုင်း မူလပိုင်ရှင်များ ထံ လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သူမအနေဖြင့် ကတိကဝတ်ပြုခဲ့၏။

သို့ ဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုး ရှိသည်ကို ပြည်သူအား အသိပေးလိုကြောင်း၊ ပြည်သူလူထုကလည်း တရားဥပဒေဘောင် အတွင်းမှ ရသင့်ရထိုက်သည်များကို မှန်မှန်ကန်ကန်တောင်းဆိုရန်လိုပြီး မမှန်မကန်မရိုးမဖြောင့် မလုပ်ကြစေလိုကြောင်း၊ ယင်းသို့ဆိုပါက မိမိတို့ တစ်နိုင်ငံလုံး ထိခိုက်နိုင်သည်ဟု သတိပေးပြောဆိုခဲ့သည်။

အဓိကသယံဇာတမှာ ပြည်သူလူထု၏ အရည်အချင်း

ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးနိုင်ငံများမှာ အသေးငယ်ဆုံးနိုင်ငံများ ဖြစ်ပြီး ယင်းတို့တွင် သဘာဝသယံဇာတ မကြွယ်ဝကြောင်း၊ သို့သော် လည်း အဓိက သယံဇာတဖြစ်သည့် ပြည်သူလူထု၏ အရည်အချင်းမှာ မြင့်မားကြောင်း သူမက ထောမနာပြုခဲ့သည်။

အဆိုပါအချက်ကို သူမတို့အနေဖြင့် ဦးတည်သည်ဟူ၍လည်း ဆို၏။

မိမိတို့ ပြည်သူ လူထု၏ အရည်အချင်း သယံဇာတ မြင့်မားပါက မည်သည့်အခက်အခဲမဆို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း အရည်အချင်းမြင့်မားရန်မှာ စနစ်တစ်ခုလိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တရားဥပဒေစိုးမိုးရေးကို အရေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။

မော်လမြိုင်က ဖြည့်စွက်လိုက်သည့် အချက်နှစ်ချက်

ဒေသခံပြည်သူများက စာဖြင့်ကြိုတင် တင်ပြထားသည့် အချက်များ၊ တွေ့ဆုံပွဲတွင် ခန်းမအပြင်မှ နှစ်ဦး၊ ခန်းမထဲမှ ငါးဦး တိုက်ရိုက်ပြောဆို တင်ပြချက်များတွင် ယခုလို ပါဝင်လာခဲ့၏။ ယင်းတို့ကပင် ဒေါ်စု ပြောသည့် အခြေခံ ခြောက်ချက်ကို ဖြည့်စွက်လိုက်သည့် အချက် နှစ်ခု ပါဝင်လာခြင်းပေ။

သောက်သုံးရေကဏ္ဍတွင် တင်ပြချက် တစ်ခုရှိခဲ့သည်၊ မော်လမြိုင်မြို့တွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးဟူ၍။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ တင်ပြချက် အများဆုံး ဖြစ်သည်၊ ၁၀ ချက်ဝန်းကျင် ရှိခဲ့သည်။ ​ေအာက်ပါအတိုင်းဖြစ်၏။

မော်လမြိုင်မြို့ လေယာဉ်ကွင်း အဆင့်မြှင့်တင်ပေးရေး၊ ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကူးတံတား တည်ဆောက်ပြီး စီးမည့် အချိန်နှင့် ကုန်ကျမည့်ငွေကို သိလိုခြင်း၊ သံလွင်မြစ်အတွင်း သောင်ထွန်းမှုများ ဖြစ်ပေါ်နေသဖြင့် သင်္ဘောများ၊ လှေများ ဖြတ်သန်းရာတွင် အခက်အခဲရှိခြင်း၊ ကမ်းဘေးရှိ ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ခံစားနေရခြင်းတို့ကြောင့် သံလွင်မြစ်အတွင်းရှိ သောင်များကို တူးဖော် ပေးရေး၊ ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်-ဝဲကူး-တော်ပွန် လမ်းအား လမ်းချဲ့၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေးနှင့် လယ်သမား များက လမ်းချဲ့ခြင်းအတွက် မလွတ်ကင်းသည့် လမ်းဘေးဝဲယာ လယ်မြေများမှ မြေဧရိယာများ လှူဒါန်းပေးသွားမည့် အခြေအနေ၊ ချောင်းဆုံမြို့နယ် ဖံဖ-ထန်းပင်ကုန်း မြေသားလမ်းအား လမ်းချဲ့၍ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရေး၊ ကျိုက်ပရံ – ကော့ဘွီးလမ်းနှင့် ၎င်းလမ်းပေါ်ရှိ တံတားနှစ်စင်းအား ပြုပြင်ဆောင် ရွက်ပေးရေး၊ မုဒုံမြို့နယ် ဝဲကလိကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာ ကိုဆက်သွယ်သည့် ဝဲကလိချောင်းကူတံတား အမြန်အကောင်အထည်ဖော်ပေးရေး၊ မုဒုံမြို့နယ် ဆက်သွယ်-နှီးပဒေါလမ်းနှင့် တံတားအား ပြင်ဆင်ပေးရေးစသည်တို့ဖြစ်သည်။

လျှပ်စစ်မီးကဏ္ဍတွင် သုံးချက် ရှိ၏။ ယင်းတို့မှာ

ကျိုက်မရော မြို့နယ် အနောက်ဘက်ခြမ်းတွင် ကဒါကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၃၂ ရွာ ယနေ့အထိ လျှပ်စစ်မီး မရရှိသေးမှု၊ ဓာတ်အားလိုင်းများ တပ်ဆင်ထားပြီး ဖြစ်သော် လည်း ဓာတ်အားခွဲရုံ လိုအပ်နေသဖြင့် ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ပေးရေး၊မော်လမြိုင်မြို့သို့ပေးသော မဟာဓာတ် အားလိုင်း ချို့ယွင်းပါက မီးပျက်နေစဉ် IPP ဂက်စ်တာဘိုင်မှ ဓာတ်အားရယူသုံးစွဲ ခွင့်ရရှိရေးတို့ဖြစ်သည်။

ပညာရေးကဏ္ဍတွင် နှစ်ချက် ရှိခဲ့၏။

မော်လမြိုင် တက္ကသိုလ်တွင် DBL, DIL, MBA, MPA ဘွဲ့လွန် ဒီပလိုမာ သင် တန်းများ ဖွင့်လှစ်သင်ကြားပေးရေးနှင့် အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားများကို ကျောင်းချိန်အတွင်းသင်ကြားပေး ရေးတို့ပင်။

ကျန်းမာရေးကဏ္ဍ တင်ပြချက်မူ ထူးထွေပါဝင်ခြင်းမရှိခဲ့ပေ။

လယ်ယာမြေပိုင်ဆိုင်ခွင့်ကဏ္ဍနှင့်ပတ်သက်၍ ဓားမဦးချလုပ်ကိုင် ခဲ့သည့် တောင်သူ ၂၁ ဦး၏ လယ်ယာမြေ ဧက ၅ဝ ကျော် သိမ်းဆည်းခံရမှုကို ဒေသခံတစ်ဦးက တင်ပြခဲ့သည်။

အခြားတင်ပြချက်များ

သစ်တောဝန်ထမ်းတစ်ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရမှု၊ ကျိုက်ထီးရိုးစေတီတော်တွင် စျေးရောင်းချခွင့်ပိတ်ပင်ခံရမှုတို့ပါဝင်သည်။

ယင်းနောက်တွင် ဒေသခံတို့က မော်လမြိုင် စက်မှုဇုန်အတွင်း ခနောက်စိမ်းစက်ရုံ လည်ပတ်နေမှုကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများထိခိုက်နစ်နာနေမှု၊ ကျောက်မိုင်းများခွဲနေမှုကြောင့် တကူဝေနှင့် တကူဝိ စမ်းချောင်း နှစ်ချောင်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်နေမှုနှင့် လယ်ယာမြေများ အတွင်းသို့ နုန်းများဝင်ရောက်မှု ကြောင့် လယ်မြေများပျက်စီးနေမှု၊ လယ်ယာမြေတွင် မလေးရှားပိတောက်ပင်များ စိုက်ပျိုးမှုကြောင့် ပတ်ဝန်းကျင်ရှိ လယ်မြေများနှင့် သီးနှံများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေမှုစသည်တို့ပါဝင်တင်ပြခဲ့သည်။

ဒေသခံတို့၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြား ရာတွင် ယခုလို မှတ်ချက်ပြုလိုက်သည်။ တင်ပြချက်များအပေါ် ခြုံငုံလျက်ပြောလိုက်ခြင်းပင်။

ပြည်သူလူထုနှင့် ထိတွေ့မှုရှိရန် လိုအပ်သည်ဆိုသည့်အချက်ကို လက်ခံပါကြောင်း၊ ယခုတင်ပြကြသည့် တင်ပြချက်များသည် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ လယ်မြေပိုင်ဆိုင်မှု ရရှိရေး စသည့်ကိစ္စရပ်များဖြစ်ပါကြောင်း၊ ထို့ပြင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများ ပါဝင်လာသည်ကို သတိပြုမိကြောင်း သူမက ဆိုခဲ့လေသည်။

ယင်းသို့ သူမ သတိပြုမိလိုက်ခြင်းသည် မော်လမြိုင်သာမက မွန်ပြည်နယ်အပြင် အခြားသော တိုင်းနှင့်ပြည်နယ်တို့အတွက်လည်း ကောင်းကျိုသက်ရောက်ဖွယ်ရာ အကြောင်းရှိလေသည်။

ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အနေဖြင့် ကတိကဝတ်ပြုခဲ့သည်မှာ ယင်းကိစ္စရပ် များအားလုံးကို အလေးအနက်ထား ကိုင်တွယ်သွားမည်ဆိုခြင်းပင်။

ဖြည့်စွက်သည့်အနေဖြင့် စာဖြင့် တင်ပြကြသည့် ပြည်သူများကိုလည်း မည်သို့အဖြေထွက် သည်ကို ပြန်လည် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း၊ စာဖြင့် တင်ပြပါကလည်း မိမိတို့ထံသို့ ရောက်ရှိနိုင်ပါကြောင်း၊ ပို၍ သေချာချင်ပါက နိုင်ငံတော်သမ္မတရုံးမှ ပါလာသည့် အရာရှိများ လက်ထဲသို့ မိမိ တို့ကိုယ်တိုင် အပ်နှံ၍ ရပါကြောင်း ဆိုခဲ့၏။

ကိုးကား – နိုင်ငံတော် အတိုင်ပင်ခံရုံး

Leave a Reply