မော်လမြိုင် ၊ မေ ၃၀

မွန်ပြည်နယ် မော်လမြိုင် မြို့ နှင့် ချောင်းဆုံမြို့နယ်များတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အထိမ်းအမှတ်နှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် သစ်ပင် ပေါင်း၂၂၁၀ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မော်လမြိုင် မြို့နယ်သစ်တောဦးစီးဌာန ထံမှသိရှိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးမှုကို နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်၏ ၇၄ နှစ်ပြည့်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် ဒေသခံတွေအတွက် သစ်အခြေခံလိုအပ်ချက်ရရှိစေရန် ရည်ရွယ်ကြောင်းလည်း သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

မော်လမြိုင် မြို့ ကင်ပွန်းချုံကန်ပတ်လည်တွင် အပင် ၁၀၀၀ စိုက်မည်ဖြစ်ပြီး သင်္ကန်း ၃၀၀၊ မဟော်ဂနီ ၁၅၀၊ ပိတောက် ၅၀၊ မန်းဂျန်ရှား ၃၀၀၊ ပျဉ်းကတိုး ၁၀၀၊ ကျွန်း ၁၀၀ စိုက်ပျိုးသွားရန်ရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာန ကဆိုသည်။

ထို့နည်းတူ ချောင်းဆုံမြို့နယ် မူးရစ်ကြီးကျေရွာ ဇီးကုန်း လမ်းတွင်ပျိုးပင် ၁၂၁၀ ပင် စိုက်ပျိူးသွားမည်ဟု လည်း သစ်တောဦးစီးဌာန ထံ မှသိရှိရသည်။

ယင်းအပြင် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီအတွက် အရိပ်ရသစ်ပင် ပျိုးပင် ပေါင်း ၃၃၃၅၈ ပျိုးထောင်ထားပြီး စိုက်ပျိုးလိုသူ တစ်ဦးတစ်ယောက်သည်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း လျှောက်လွာနှင့်ထုတ်ယူနိုင် ကြောင်းကြေညာထားသည်။

မေလ ၂၅ ရက်နေ့ကလည်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး ဦးဆောင်၍ ချောင်းဆုံ ဦးစီးဌာန ဝန်းထမ်းများနှင် ဒေသခံများ ပူပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အဆင်း လမ်းဘေး ဝဲယာ တစ်လျှောက် အရိပ်ရအပင်များ စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

ဟင်္သာမီဒီယာ

Leave a Reply