ရန်ကုန်
၂၀၂၀ မေ ၃၀
ပြည်ပနိုင်ငံများမှ ပြန်လာသူများ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အရေးကြီးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၀ ည ၉ နာရီ ၄၅ မိနစ်တွင် စာထုတ်ပြန်လျက် တိုက်တွန်းဆော်ဩလိုက်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်၍ နိုင်ငံတွင်းကူးစက်ပြန့်ပွားသူ မတွေ့ရှိရသည်မှာ ၁၃ ရက်ခန့်ကြာပြီဖြစ်ကြောင်း၊ မေ ၁၇ နောက်ပိုင်း တွေ့ရသော ဓာတ်ခွဲအတည်ပြုလူနာများမှာ ပြည်ပမှ ပြန်လာသူ ၄၁ ဦး ဖြစ်ရာ ဌာနက ယင်းသို့ နှိုးဆော်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံမှ ပြန်လာသူများအနက် အိန္ဒိယမှ ၂၁ ဦး၊ မလေးရှားမှ ၁၁ ဦး၊ ယူအေအီးမှ ၈ ဦး၊ အီတလီမှ ၁ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ရာ ပြည်ပပြန်များအနေဖြင့် သတ်မှတ်နေရာအဆောက်အဦများ၌ အသွားအလာကန့်သတ်ထားရှိခံရချိန်တွင် သတ်မှတ်စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက်ထားပြီး လိုက်နာရန် အထူးအရေးကြီးကြောင်း ဝန်ကြီးဌာနက သတိပေးလိုက်သည်။
သတ်မှတ်နေရာများတွင် တာဝန်ယူကြီးကြပ်သူများအနေဖြင့်လည်း ထိုစည်းကမ်းလိုက်နာရေး အထူးအလေးထားကြရန် ဌာနက တိုက်တွန်းသလို ပြည်သူများအနေဖြင့်လည်း ဝန်ကြီးဌာန၏ အသိပေး လမ်းညွှန်ချက်များကို အလေးထားလျက် တိကျစွာ ဆက်လက်လိုက်နာကြရန် နှိုးဆော်ထားသည်။
သို့မှသာ မိမိတို့နိုင်ငံ၌ ကပ်ရောဂါကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် အထူးအရေးပေး ဖော်ပြထားသည်။
BY ဆွေဦးမောင်