Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

ယခင်အစိုးရလက်ထက်က နိုင်ငံတော်ပိုင် ဓာတ်ဆီဆိုင်များ၏ အဆောက်အဦ၊ မြေနေရာနှင့် ဆက်စပ်ပစ္စည်းများကို ပုဂလိကလက်ဝယ်သို့ ရောင်းချထားခဲ့ရာတွင် ရရှိခဲ့သည့် ဈေးနှုန်းနည်းပါးခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုင်တွယ်စိစစ်နေကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

“အရင်တစ်ခေါက်က ကျွန်တော် လွှတ်တော်မှာ မေးလို့ ဆီဆိုင်ကိစ္စကို နေပြည်တော် တက်ပြီး အထက်ကို တင်ပြပါတယ်။ ဒီလို နစ်နာတာတွေကို လူကြီးတွေက သိပြီး နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ပြီး ဘယ်လို ဆက်ပြီးတော့ လုပ်ရမလဲဆိုတာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊အဌမပုံမှန်အစည်းအဝေးတွင် ၎င်းကဆိုသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်သူများ နစ်နာမှု မရှိစေရေးအတွက် စိစစ်သုံးသပ်လျက်ရှိကြောင်း၊ ထိုသို့ စိစစ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမည်စာရင်းတင်ပြပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့သို့ ညွှန်ကြားထားကြောင်း ဝန်ကြီးက ပြောသည်။

အများပြည်သူပိုင် ဓာတ်ဆီဆိုင်များကို နည်းပါးလွန်းသောဈေးဖြင့် ရောင်းချထားခဲ့သဖြင့် ယင်းတို့ကို ပြန်လည်ပြင်ဆင်ခြင်း၊သို့မဟုတ် ပြန်လည်သိမ်းယူခြင်းများ ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏မေးခွန်းကို တုန့်ပြန်ဖြေကြားရာတွင် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိပေါက်ဈေးအရဆို ဒီလို ရောင်းချမှုတွေက ဘယ်လိုမှ မဖြစ်သင့်တဲ့ ဈေးနှုန်းတွေ ဖြစ်တယ်”ဟု ဦးဇော်ဇော်ထူးက မှတ်ချက်ပြုသည်။ ယင်းအပြင် ဆီဆိုင်များကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည့်ဈေးနှုန်းများမှာ သူခိုးဈေးနှုန်းသာဖြစ်နေပြီး ရောင်းချသည့် စာချုပ်စာတမ်းများမှာလည်း တရားဝင် မှတ်ပုံတင်ချုပ်ဆိုထားခြင်း မရှိကြောင်း ဦးဇော်ဇော်ထူးက ဝေဖန်ပြောဆိုသည်။

မွန်ပြည်နယ်အတွင်း ယင်းသို့ ရောင်းချခဲ့သည့် ဓာတ်ဆီဆိုင် ၁၇ ဆိုင်၏ ဈေးနှုန်းအသီးသီးမှာ ငွေကျပ် ၈၄ သိန်းမှ သိန်း ၄၀၀ အထိသာရှိကြောင်း၊ ရောင်းချမှုတွင် မြေနေရာသာမက အဆောက်အဦများနှင့် ဆီဘောက်များလည်း ပါဝင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းပိုင် စက်သုံးဆီအရောင်းဆိုင်များအပါအဝင် နိုင်ငံတစ်ဝှမ်းမှ နိုင်ငံပိုင် ဆီဆိုင် ၂၇၃ ဆိုင်အနက် ၂၆၁ ဆိုင်ကို လွန်ခဲ့သည့် ၂၀၁၀ နှစ်လယ်မှစ၍ ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချထားကြောင်း ဝန်ကြီးက ပြောကြားသည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply