Advertisements

နိုင်ငံရေးစိတ်စေတနာ ထက်သန်စွာဖြင့်

ယခုအခါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီဖြစ်သည်။ အဆိုပါကော်မတီကို နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် အချိုးကျဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားခဲ့သည်။ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်းကို တာဝန်ပေးခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက ကန့်ကွက်မှုတွေရှိခဲ့သော်လည်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက ပါဝင်ဆွေးနွေးခဲ့ခြင်း မရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချိန်တွင် ပါဝင်မဲပေးခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ဆုံးဖြတ်ထားခြင်းမရှိသေးသော်လည်း ကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးများကို တက်ရောက်မယ်လို့ သတင်းများအရ ကြားသိရသည်။

Advertisements
data-language="en"

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီနှင့် အကောင်အထည်ဖော်မှုကော်မတီတို့ကိုဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်များ အချိုးကျပါဝင်ခဲ့ကြရာ ထိုစဉ်က အာဏာရပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ အများစု ပါဝင်ခဲ့သည်။ ယခု ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် တိုင်းရင်းသားပါတီဝင်များ အများစုပါဝင်လာနိုင်ဖွယ်ရှိပြီး ပြည်ခိုင်ဖြိုးပါတီ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်များနှင့် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းမှုတွေ ထွက်ပေါ်လာဖွယ်ရှိသည်။

မည်သို့ဆိုစေ အစိုးရသက်တမ်းသုံးနှစ်အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးက သက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ် သည်။ တိုင်းရင်းသားပြည်သူလူထုကို ကိုယ်စားပြုကြသော လွှတ်တော်ကိုယ်စားလှယ်များက တက်တက်ကြွကြွ ရဲရဲဝံ့ဝံ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်များကို အားကောင်းရှင်သန်စေမည့် ဥပဒေများ ထုတ်ဖော်ပြင်ဆင်နိုင် ကြမည်ဟုယုံကြည်ပါသည်။ အချိုးကျပါဝင်ကြမည့် ကိုယ်စားလှယ်များ အားလုံးကလည်း နိုင်ငံရေးစိတ်စေတနာ ထက်သန်စွာဖြင့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်နိုင်ကြပါ စေကြောင်း တိုက်တွန်းဆန္ဒပြုလိုက်ရပါသည်။ ။

အယ်ဒီတာ

၉ ဇန်နဝါရီ ၂၀၁၉

Leave a Reply