“နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင်ရှင်းမည့် မွန်တို့၏ ခြေလှမ်းအစ”

ညံစီလာသောလက်ခုပ်သံများကြောင့် “ငြိမ်းချမ်းရေးရွှေထုပ်ကြီးပါရှင်၊ ဘာနဲ့မှမလဲနိုင်ပါဘူး”ဟူသော စကား တစ်ဖြတ်ခေတ္တရပ်လိုက်ရသည်။ လူ ၅၀၀ ကျော်ရောက်ရှိနေသည့် မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံ အတွင်းတွင်ဖြစ်၏။

သုံးရက်တာကျင်းပခဲ့သည့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၏ နောက်ဆုံးနေ့ မေ ၇ရက် အခမ်းအနား၌ဖြစ်ပါသည်။ ယင်းမှထွက်ရှိလာသော စာတမ်း(မူကြမ်း)ပါ အချက် ၂၃၀ နီးပါးကို ပုံနှိပ် ထားသည့် စာရွက်များထည့်ထားသော အိတ်ကိုကိုင်ထားရင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ့်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ပြောလိုက်ခြင်းပင်။

“မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဟာ လက်တစ်ကမ်းမှာပဲရှိနေပါပြီ။ မွန်လူမျိုးတွေအားလုံး မွန်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးရဲ့အန္တိမ မျှော်လင့်ချက်ရည်မှန်းပန်းတိုင်ဟာ ဟောဒီစာတမ်းထဲမှာ ရှိပါတယ်” ဟု လက်ထဲတွင်ကိုင်ထားသော စာအိတ်ကြီးကို မြှောက်မြှောက်ပြရင်း သူက ဆက်လက်ညွှန်းဆိုသည်။

ယင်းဆွေးနွေးပွဲသည် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် နှစ်ခြောက်ဆယ်နီးပါး လက်နက်စွဲ ကိုင်၍ တော်လှန်ရေးဆင်နွှဲနေသော မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)တွင် ဖေဖော်ဝါရီ ၁၃ရက်၌ လက်မှတ်ရေးထိုးပြီးနောက် နှစ်လကျော်အကြာတွင် ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာ ဝသယံဇာတ ကဏ္ဍလေးရပ်နှင့်ပတ်သက်၍ မွန်လူမျိုးတို့၏ သဘောထားအမြင်များကို စုစည်းခြင်းလည်းဖြစ်၏။

ပြင်ဆင်ချိန်နည်းသည်ဆိုသော်လည်း အားလုံး၏ ပံ့ပိုးကူညီမှုဖြင့် ရာနှုန်းပြည့်အောင်မြင်ကြောင်း ကျင်းပရေး ကော်မတီတာဝန်ရှိသူတို့ကမူ ဂုဏ်ယူစွာပြောကြသည်။ “မျှော်မှန်းထားတာထက်ရလဒ်ကောင်းရတယ်လို့ ယူဆတယ်”ဟု ကော်မတီအတွင်းရေးမှူး မင်းအောင်ထူးကဆိုသည်။

ဆွေးနွေးပွဲ၏ ရလဒ်အဖြစ်ပေါ်ထွက်လာသည့် စာတမ်းမူကြမ်း(သဘောတရားအားဖြင့် တူညီနေသော အချက် များကို စိစစ်ခြင်း၊ ရေးထုံးပြင်ဆင်ခြင်း၊ ပြန်လည်စုစည်းခြင်းများ မပြုရသေး)တွင် နိုင်ငံရေးကဏ္ဍ၌ ၆၇ ချက်၊ စီးပွားရေးကဏ္ဍတွင် ၈၇ ချက်၊ လူမှုရေး၌ ၂၅ ချက်၊ မြေယာနှင့်သဘာဝသယံဇာတကဏ္ဍတွင် ၅၁ ချက် စုစည်း နိုင်ခဲ့ခြင်းဖြစ်သည်။

“မွန်လူမျိုးတစ်မျိုးထက်စာရင် တိုင်းရင်းသားအားလုံးအတွက် လွှမ်းခြုံစဉ်းစားထားတဲ့ စဉ်းစားချက်တွေ ဒီစာတမ်းထဲမှာပါပါတယ်။ ကျွန်တော့်အနေနဲ့အားရတယ်” ဟု ကျင်းပရေးကော်မတီတွဲဖက်အတွင်းရေးမှူး (၂) မင်းဇေယျာဦးကပြောသည်။

ပါဝင်သူအချို့ကလည်း ဆွေးနွေးပွဲများအပေါ်အားရကျေနပ်ကြောင်း ဟင်္သာကိုပြောကြသည်။ သို့သော် အချိန် အားဖြင့် နည်းပါးခြင်း၊ အောက်ခြေပြည်သူတို့၏ ပါဝင်နိုင်မှုနည်းပါးခြင်းတို့ကိုမူ ထောက်ပြသူအချို့ရှိသည်။

“ရတဲ့အချိန်ရယ် အချက်အလက်တွေပြီးပြည့်စုံအောင် ဆွေးနွေးဖို့ကျရင်ခက်ခဲတယ်”ဟု မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ်၊ ဆွေးနွေးပွဲသို့ ဖိတ်ကြားသင့်ဖိတ်ကြားထိုက်သူအစုအဖွဲ့မှ တက် ရောက်သူတစ်ဦးလည်းဖြစ်သည့် နိုင်ရဲဇော်က သုံးသပ်သည်။

မွန်ရဟန်းပျိုကွန်ရက်မှ အရှင်အာလောကက ဆွေးနွေးပွဲများတွင်နိုင်ငံရေးသမားနှင့် အရပ်ဖက် အဖွဲ့အစည်းတာဝန်ရှိသူတို့သာများပြားပြီး အောက်ခြေပြည်သူပါဝင်မှုအချိုးအစားနည်းပါးသည်ဟု ထောက်ပြသည်။

“ဆွေးနွေးတဲ့အပိုင်းမှာလည်း ပြည်သူလူထုကတော့ ဒီအတိုင်းပဲ(ရိုးရိုး)ပြောတတ်တယ်ပေ့ါ။ နိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်းတွေလိုမျိုးပြောမထွက်တဲ့အခါကတော့ ပြည်သူ့အသံ၊ ခံစားချက်တွေက နိုင်ငံရေး စကား လုံးတွေအောက်မှာ မြုပ်သွားတယ်”ဟု ဆရာတော်က ဟင်္သာသို့ မိန့်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ ကြီးကြပ်မှုဖြင့်ပြုလုပ်သော မွန်တို့၏ ဆွေးနွေး ပွဲအတွင်း ထူးထူးခြားခြားများထဲမှတစ်ခုဟုသတ်မှတ်နိုင်သည့် ခေါင်းစဉ်ငယ်တစ်ခုမှာ “ဘာသာရေးကိုအခြေမခံ သည့် နိုင်ငံတော်” ဖြစ်ပြီး ကျင်းပရေးတာဝန်ရှိသူတို့က ဆွေးနွေးမှုအတွင်း မည်သည့်အခက်အခဲမှျှမရှိခဲ့ဟုဆို ကြသည်။

“ပြဿနာဘာမှမရှိဘူး။ ကြီးမားတဲ့ကွဲလွဲမှုတွေမတွေ့ဘူး။ အယူအဆပိုင်းအရငြင်းခုံတာမျိုးတော့ရှိတယ်။ စာသားအပေါ်မှာ ဖြည့်သင့်တာ၊ မဖြည့်သင့်တာဆွေးနွေးတာမျိုးပဲရှိပါတယ်”ဟု ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) မင်းဇေယျာဦးက ဟင်္သာသို့ပြောသည်။

ယခုရရှိလာသော ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ မွန်တို့၏သဘောထားစုစည်းချက်များသည် ပြီးခဲ့ သော ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံကတည်ပြုထားသော ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၃၇)ချက်နှင့် ဆန့်ကျင်မှုများ ပါဝင်ခြင်းရှိမရှိ ဟင်္သာမေးမြန်းရာတွင်

“ဂရုစိုက်ဖယ်ထုတ်ထားတာတော့မရှိဘူး။ ဒါပေမယ့်ကွဲလွဲတာမျိုးတော့ လောလောဆယ်မတွေ့ရသေးဘူး။ ပြည်ထောင်စုသဘောတူညီချက်ဖြစ်ပြီးသားတွေပြန်ပါလာတာမျိုးတော့တွေ့ရတယ်”ဟု မင်းဇေယျာဦးက ပြန်ဖြေသည်။

အဆိုပါ ဆွေးနွေးပွဲမှထွက်ရှိလာသော စာတမ်းပါအချက်များသည့် UPDJC မှတစ်ဆင့် နောင်ကျင်းပမည့် ၂၁ ရာစုပင်လံညီလာခံအစည်းအဝေးများအတွင်း တင်သွင်းဆုံးဖြတ်နိုင်ရန် လုပ်ငန်းစဉ်ချမှတ်ထားပြီးဖြစ်သည်။

သို့သော် လက်ရှိအခြေအနေ၊ NCA လမ်းကြောင်းဖြင့်လိုက်ပါမှု၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် နိုင်ရေးတို့၌ စိန်ခေါ်မှုများစွာရှိနေသေးကြောင်း ဆွေးနွေးပွဲကို အဓိကဦးဆောင်သူဖြစ်သည့် မွန်ပြည်သစ် တာဝန်ရှိသူတို့က ရှုမြင်နေဆဲဖြစ်၏။

“အခက်အခဲတွေရှိမှာပေ့ါ။ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်းဆွေးနွေးရမှာပေ့ါ။ ဘယ်လိုခက်ခဲပါစေ၊ ကျွန်တော်တို့ နိုင်ငံအတွက်ရည်ရွယ်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်”ဟု မွန်ပြည်သစ်ဥက္ကဋ္ဌ နိုင်ထောမွန်က ပြောသည်။

မွန်ပြည်သစ်ရွေးချယ်လိုက်သည့် NCA လက်မှတ်ထိုး၊ နိုင်ငံရေးဆွေးနွေးဆိုသည့် လမ်းကြောင်းအောင်မြင်ခြင်း မအောင်မြင်ခြင်း၊ NCA စာချုပ်ခိုင်မာမှုရှိခြင်း/မရှိခြင်း၊ ပါဝင်လက်မှတ် မရေးထိုးရသေးသည့်အဖွဲ့များ ပါဝင်လာ ရန် ရှိခြင်း/မရှိခြင်း၊ NCA ကိုအခြေခံသည့်အဆိုပါလုပ်ငန်းစဉ်ဖြင့် ၂၁ ရာစုပင်လုံညီလာခံမှတစ်ဆင့် အနာဂတ်တွင်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ဖြစ်နိုင်/မဖြစ်နိုင်ဆိုသည်တို့အပေါ် မွန်ပြည်သစ် ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံသာက ယခုလို သုံးသပ်သည်။

“ဘယ်လောက်ထိမျှော်လင့်လဲဆိုတာကတော့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ အများကြီးမူတည်တယ်” ဟူ၍။

Written by သက်ပိုင်၊ ထိုက်ထိုက်၊ ဂေထော

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်