ငါးယောက်သော အင်အားမှ လူ ၃၀ဝ ကျော် ပါဝင်လာသော ပရဟိတအဖွဲ့တစ်ဖွဲ့ ဖြစ်လာအောင် စွမ်းဆောင်၍ စစ်အစိုးရ လက်ထက်မှ ယခုအချိန်ထိ အဖက်ဖက်က နိမ့်ကျနေသေးသည့် ဝေလံခေါင်သီရာ ဒေသများရှိ ကလေးငယ်များ ပညာသင်ကြားနေရသော စာသင်ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များအား လစဉ်လတိုင်း ဖြည့်ဆည်းပေးနေသော စေတနာရှင် လူငယ်များအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်မျိုးဦး (ခ) ဦးဒေးဗစ်နှင့် တွေ့ဆုံမေးမြန်းခြင်း အကြောင်းအရာများကို ဟင်္သာမီဒီယာမှ ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ ။ ။ ကိုဒေးဗစ်တို့ စေတနာရှင်လူငယ်များအဖွဲ့ တည်ထောင်ဖြစ်ခဲ့ပုံနဲ့ ဒီအဖွဲ့ရဲ့ အဓိက ဆောင်ရွက်တဲ့ အပိုင်းတွေကို ပြောပြပေးပါလား။
ကိုဒေဗစ် ။ ။ ကျွန်တော်တို့အဖွဲ့က ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ပံ့တဲ့အဖွဲ့ပေါ့။ ဒီအဖွဲ့ စဖြစ်ပေါ်လာတာက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က စတင်တည်ထောင်ဖြစ်ခဲ့တာပါ။ စေတနာရှင်လူငယ်များဆိုပြီးတော့ နာမည်ပေးထားတယ်။ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးဖို့ တစ်ခုတည်းနဲ့ သွားခဲ့တာ။ ၂ဝဝ၈ ခုနှစ်ဆိုတော့ စစ်အစိုးရလက်ထပ်ပေါ့။ စစ်အစိုးရလက်ထပ်မှာက ပညာရေးကို သိပ်ပြီးအားမပေးဘူး။ အဲ့တာကြောင့် ရည်ရွယ်ချက်သုံးခုထားပြီး လူငါးယောက်တည်းနဲ့ ဒီအဖွဲ့ကို စလုပ်ဖြစ်တယ်။ ရည်ရွယ်ချက်တွေက နိုင်ငံရေးမှာ အဓိကပညာရေးက အခြေခံတယ်ဆိုတာ သိစေချင်တယ်။ နောက်ပြီး ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးချင်တယ်။ စာသင်ကျောင်းတွေကိုလည်း ရပ်ရွာရဲ့ အထောက်အပံ့ ပိုပြီးတော့ ရစေချင်တယ်။ ဘာကြောင့် ဒီလို ရည်ရွယ်ချက် ထားရသလဲဆိုတော့ စာသင်ကျောင်းဆိုတာက အစိုးရအလုပ်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ ဘာသာရေးမှာပဲ အလှူအတန်းလုပ်ကြတာ ပိုများတော့ ဒီရည်ရွယ်ချက်သုံးခုနဲ့ စေတနာရှင်လူငယ်များဆိုပြီး ဖြစ်လာခဲ့တာ။
ဒီမှာက အသင်းဝင်တဲ့သူတို့ အသင်းကြေးတို့ မရှိဘူး၊ လစဉ်ကြေး သတ်မှတ်ထားတာမရှိဘူး၊ လူတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ပါဝင်ပူးပေါင်းပြီး လုပ်တဲ့ပုံစံလေးပါ။ အဖွဲ့က လုပ်တဲ့ပုံစံတွေက အစပိုင်းတော်တော်များများမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပဲလှူဖြစ်ခဲ့တယ်။ ကျွန်တော်တို့က ငွေမလှူပဲနဲ့ ကျောင်းရဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုပဲ အဓိက လှူဖြစ်ခဲ့တယ်။ ကျောင်းတစ်ဆောင်မှာရှိရမယ့် ကျောင်းအင်္ဂါရပ်တွေဖြစ်တဲ့ စာသင်ခုန်တို့ ကျောက်သင်ပုန်းတို့၊ သောက်ရေအိုး၊ ရေလောင်းအိမ်သာစသဖြင့် လုပ်ပေးဖြစ်တယ်။ ပြီးတော့ ကလေးတစ်ဦးချင်းရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ကျောင်းအဝတ်အစား၊ စာအုပ်၊ ထီး၊ ဖိနပ်၊ စာရေးကိရိယာ လှူတဲ့အပိုင်းတွေကိုလည်း အဓိက အနေနဲ့ လစဉ်နီးပါးလောက် လှူဖြစ်တယ်။ ၂ဝဝ၈ ကနေ ၂ဝ၁၇ ခုနှစ်အထိဆိုတော့ ၈ နှစ်ရှိသွားခဲ့ပြီပေါ့။ လှူဒါန်းမှုအကြိမ်အရေအတွက်အနေနဲ့ ပြောရရင်အကြိမ် ၇ဝ လောက်လှူပြီးသွားပြီ။

ဟင်္သာမီဒီယာ ။ ။ အကြိမ် ၇ဝ လုံးက မွန်ပြည်နယ်အတွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပဲလား။
ကိုဒေးဗစ် ။ ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်နှစ်ခုထဲက ချို့တဲ့နေတဲ့ အစိုးရကျောင်းတွေကို အဓိက လှူဒါန်းဖြစ်ခဲ့တယ်၊

ဟင်္သာမီဒီယာ ။ ။ စေတနာလူငယ်အသင်းက လူအင်အားဘယ်လောက်နဲ့ ဖွဲ့စည်းထားတာလဲ။
ကိုဒေးဗစ် ။ ။ ကျွန်တော်တို့မှာ အသင်းဝင်တဲ့ ပုံစံမျိုးတော့ မရှိဘူး၊ ပုံမှန်အားဖြင့် ဆိုလို့ရှိရင် အလှူမှာ ငွေရေးကြေးရေးအရ အမြဲတမ်းထောက်ပံ့ပေးတဲ့လူက သုံးရာလောက်ရှိတယ်၊ အလှူတစ်ခုကို သွားလို့ရှိရင်တော့ လူဦးရေ ၇ဝ လောက်တော့ ပျမ်းမျှရှိတယ်။

ဟင်္သာမီဒီယာ ။ ။ အကယ်၍ စာသင်ကျောင်းတစ်ကျောင်းကို လှူမယ်ဆိုရင် ဘာကို အဓိကထားကြည့်ပြီးတော့ လှူဖြစ်လဲ။
ကိုဒေဗစ် ။ ။ အဓိက စံသုံးခု သတ်မှတ်ပြီးတော့လှူတယ်၊ ကျောင်းအင်္ဂါရပ်မှာရှိရမယ့် ကျောင်းသုံး ပရိဘောဂ ပစ္စည်းတွေကို အဓိကထားပြီးတော့ ကျောင်းသုံးပစ္စည်းအနေနဲ့ လှူတယ်၊ ဒုတိယဦးစားပေးက စာသင်ကျောင်းနဲ့ တစ်စပ်တစ်ဆက်တည်းရှိတဲ့ ကျန်းမာရေးအပိုင်းတွေဖြစ်တဲ့ သောက်ရေ၊ သုံးရေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လှူတယ်၊ တတိယ ဦးစားပေးအနေနဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ကျောင်းသုံး ကရိယာ လိုအပ်ချက်တွေကို ဦးစားပေး လှူဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ စစ်အစိုးရလက်ထပ်ကတည်းက စဖွဲ့ပြီးနောက်ပိုင်း ဘယ်လိုစိန်ခေါ်မှုတွေ၊ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
ကိုဒေဗစ် ။ ။ ဒီအဖွဲ့ကို စလုပ်တဲ့ တစ်လနှစ်လလောက်ထိ အစိုးရက သိပ်မသိသေးဘူး၊ အစပိုင်း အကြိမ်တွေက လူနည်းတော့ သိပ်မသိဘူးပေါ့၊ ငါးကြိမ်လောက်မှာ လူခုနစ်ဆယ်၊ ရှစ်ဆယ်လောက်က ပါလာတော့ အစိုးရက သတိထားမိလာခဲ့တယ်။ ကျွန်တော်တို့လည်း စိုးရိမ်တယ်၊ စိုးရိမ်ပေမယ့်လည်း ကိုယ်သွားတဲ့ လမ်းကြောင်းက နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်ဘူး။ ကိုယ့်နိုင်ငံမှာ လိုအပ်နေတဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာက ဖြည့်စွက်ပေးဖို့ဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အဝ ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ စစ်ဆေးမေးမြန်းမှုကိုတော့ ခံခဲ့ရတယ်။ အစည်းအဝေးလုပ်လို့ရှိရင် သူတို့တွေ လာမေးတယ်၊ နယ်ထိန်းတွေ လာမေးတယ်၊ ယာအိမ်မှူးတွေ ရောက်လာတယ်၊ ရဲစခန်းမှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောဖူးတယ်၊ အလှူလုပ်လို့ရှိရင်တောင် သူတို့တွေက လိုက်လာခဲ့တယ်။ အရင်တုန်းကဆိုရင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုပဲ လှူလို့ရတာ၊ အစိုးရစာသင်ကျောင်းတွေကို လှူပေးချင်တဲ့ စိတ်ရှိတာတောင်မှ အဲ့ဒီကျောင်းက ဆရာ၊ ဆရာမတွေက လက်မခံရဲကြဘူး။ သူတို့က ဒီစိုးရိမ်စိတ် ရှိတယ်၊ ဒီတော့ ဒီလိုစောင့်ကြည့်ခံရတာက အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောရမယ်၊ ဒီဘက်ခေတ်မှာတော့ ဒါတွေမရှိသလောက် ဖြစ်သွားပါပြီ။ ကျန်တဲ့အပိုင်းတွေကတော့ အခက်အခဲ မရှိသလောက်ပါပဲ။

ဟင်္သာမီဒီယာ ။ ။ လှူဒါန်းတဲ့ ပမာဏကရော တစ်ကြိမ်ကို ဘယ်လောက်ထိရှိလဲ။
ကိုဒေးဗစ် ။ ။ ပထမအစပိုင်း လူငါးယောက်နဲ့ တုန်းကတော့ တစ်လကို တစ်သိန်းကျော်လောက်ပဲ လှူနိုင်တယ်၊ ဒီနောက်ပိုင်းမှာတော့ တစ်လကို ၁၇ သိန်းဖိုး၊ တစ်ခါတစ်လေကျရင်လည်း ၂၇ သိန်းဖိုး လှူဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီလိုမျိုး ၈ နှစ်ကျော်ကြာအောင် ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။
ကိုဒေးဗစ် ။ ။ ကျွန်တော်တို့မှာက အသင်းဝင်ကြေး၊ လစဉ်ကြေးတို့ သတ်သတ်မှတ်မှတ် မလုပ်ထားဘူး၊ ဒီပေါ်မှာ အားနည်းချက်လည်း ရှိသလို အားသာချက်လည်းရှိတယ်၊ လူတွေကို မလုပ်မနေရ ပုံစံမျိုးနဲ့ မချုပ်ထားပဲနဲ့ သူတို့ အသိစိတ်လေးနဲ့ သူတို့ရှိနေတော့ ထွက်သွားတဲ့လူက ထွက်သွားပေမယ့် ကျန်တဲ့ လူတွေက ဆက်လုပ်နေတာပါပဲ၊ ဒါကြောင့် ရှင်သန်နေတာလို့ပဲ မြင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အခုလက်ရှိ ကျောင်းပညာရေး အခြေအနေက ဘယ်လိုပုံစံ ဖြစ်နေတယ်လို့ မြင်ပါသလဲ။
ကိုဒေးဗစ် ။ ။ အရင်တုန်းကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါး အနေအထားမှာရှိခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် စစ်အစိုးရလက်ထက်မှာ ကျောင်းအင်္ဂါရပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေမရှိဘူး၊ ဦးသိန်းစိန် အစိုးရလက်ထက်ကျတော့ ကျောင်းအင်္ဂါရပ်နဲ့ နည်းနည်း ညီညွတ်လာခဲ့တယ်။ ဒါပေမယ့် တွေ့ရတာ စိတ်မချမ်းသာတဲ့ အပိုင်းတွေရှိတယ်၊ စာသင်ကျောင်းတွေက ဆောက်ထားပေးတဲ့ ကန်ထရိုက်တွေပဲ မကောင်းလို့လား။ ချပေးတဲ့သူပဲ အဆင်မပြေလို့လား မပြောတတ်ဘူး၊ စာသင်ကျောင်းတွေက တော်တော်ကို မကောင်းဘူး၊ အဆောင်အသစ်တွေ တော်တော်များများက ရေရှည်ခံမယ့် အနေအထားမှာ မရှိဘူး၊ ဖြစ်ကတတ်ဆန်း ပြီးရင် ပြီးရောဆိုတဲ့ အနေအထားမျိုးမှာတွေ့ရတယ်။ ဒါတွေက အခုချိန်ထိလည်း ရှိနေတုန်းပဲ၊ လိုအပ်ချက်တွေလည်း အများကြီးရှိနေဆဲပဲ။ ၂ဝ၁၆ ခုနှစ် အစပိုင်းမှာတော့ ကျောင်းအင်္ဂါရပ်နဲ့ တော်တော်များများ ပြည့်စုံလာခဲ့တယ်၊ စာသင်ခုံတွေ ကျောက်သင်ပုန်းတွေကတော့ ကျွန်တော်တို့ သိပ်ပြီး လှူစရာတောင် မလိုတော့ပဲနဲ့ ပြည့်လာခဲ့တယ်၊ ဒါပေမယ့် လုပ်ထားပေးတဲ့ နေရာမှာကျတော့ သိပ်ပြီးတော့ မကောင်းသေးဘူး၊ ပြီးရင်ပြီးရော ပုံစံမျိုးကိုတော့ အများအားဖြင့်တွေ့နေရတယ်၊။

ဟင်္သာမီဒီယာ ။ ။ ဒါတွေက ရုပ်ပိုင်းဆိုင်ရာပေါ့နော်၊ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကရော ဘယ်လိုရှိလဲ။
ကိုဒေးဗစ် ။ ။ ပညာရေး စနစ်အနေအထားက တစ်ချို့ကျောင်းမှာ တွေ့ရတာက ကျောင်းသား လေးဆယ် အချိုး တစ်လို့ သတ်မှတ်ချက်ရှိတယ်ဆိုပေမယ့် တစ်ချို့ကျောင်းတွေမှာ ကျောင်းသားအရေအတွက် အများကြီး ရှိပြီးတော့ ဆရာမနည်းနေတာကိုလည်း တွေ့ရတယ်။ ဆရာမ နှစ်ယောက်လောက်ထားသင့်တဲ့ နေရာမျိုးမှာ မထားပေးတာတွေ ရှိနေတယ်၊ ဒါတွေကလည်း ပညာရေးစနစ်ကို အများကြီး ထိခိုက်နိုင်တယ်လို့ ထင်တယ်။ ကလေးတွေအတွက် သင်ကြားတဲ့နေရာမှာ ထိရောက်မှုတွေ အားနည်းသွားနိုင်တယ်၊ နောက်တစ်ခုက ကလေးတွေကိုယ့် ကိုကိုယ် ယုံကြည်မှု အားနည်းတာတွေ့ရတယ်၊ ဒါပေမယ့် ကလေးသက်သက်ပဲလား ဆိုတော့ မဟုတ်ဘူး၊ ဆရာမတွေလည်း ဒီလိုပဲ။ ဆရာ၊ ဆရာမတွေကအစ လူရှေ့ထွက်ပြောရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုသိပ်မရှိဘူး၊ သင်ကြားရေးစနစ်ကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိ်ုင်ဖို့နဲ့ ကိုယ်ဘာဝါသနာပါလဲ ဆိုတာကို သိဖို့ဆိုတာကိုတောင် လုံးဝ မဖော်ထုတ်နိုင်သေးဘူး၊ ၂ဝ၁၆ ခုနှစ်မှာ သင်ကြားရေးစနစ်ကို သူငယ်တန်းမှာ စပြောင်းတယ်၊ ဒီလိုပြောင်းလိုက်တော့ ကျွန်တော်တို့ တော်တော် ဝမ်းသာသွားတယ်၊ ဒီစနစ်လေးတွေ ပေါ်တာ ကျွန်တော်တို့ လက်ထက်မှာလည်း မရှိဘူးလေ၊ ဒါပေမယ့် ကျောင်းတွေကို နဖူးတွေ့ ဒူးတွေ့ သွားကြည့်လိုက်တဲ့အချိန်မှာ သင်ထောက်ကူပစ္စည်းတွေပဲ လုံလုံလောက်လောက် မရှိတာကိုပဲ တွေ့နေရပြန်တယ်။ ပညာရေးစနစ်မှာက သင်ထောက်ကူပစ္စည်း ပြည့်ပြည့်စုံစုံရှိမှပဲ ကလေးတွေကို သင်တဲ့နေရာမှာ စိတ်သွားတိုင်းကိုယ်ပါမှာပေါ့၊ ဆရာမတွေမှာလည်း ဒီအခက်အခဲရှိသလို ကလေးတွေအနေနဲ့လည်း သင်ထောက်ကူပစ္စည်း အားနည်းနေတာနဲ့ အဓိကရင်ဆိုင်နေကြရတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီလိုအခက်အခဲတွေ ပြေလည်အောင် ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ သုံးသပ်မိလဲ။
ကိုဒေးဗစ် ။ ။ ဒါကျတော့ အဓိက က ကျွန်တော်တို့ကို အုပ်ချုပ်တဲ့အစိုးရက တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ပညာရေးက အဓိက မကျဘူးလို့ ယူဆလို့ ဒါမျိုးတွေဖြစ်ခဲ့တယ်။ အစိုးရက ပညာရေးကို ဇောင်းမပေးလို့၊ ဦးစားမပေးလို့ ပညာရေးက နိမ့်ကျခဲ့တယ်ပေါ့၊ ဒီလိုအခြေအနေမျိုးက လွတ်မြောက်ချင်ရင်တော့ ပညာရေး ဘတ်ဂျက်ကို ယခင်ထက်ပိုပြီး သုံးသင့်တာပေါ့၊ ဘတ်ဂျတ်တွေကို အလေအလွင့် မရှိရအောင်လည်း စနစ်တကျ စီမံခန့်ခွဲဖို့ လိုတယ်လို့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းကို ပိုက်ဆံအကုန်အကျခံ ဆောက်တယ်လို့ ဆိုပေမယ့် ကျောင်းအဆောက်အဦးက ငွေကြေးနဲ့ မတန်ဘူး၊ ခိုင်ခံ့မှုတွေ အားနည်းနေတယ်၊ ကျောင်းဆောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဒယ်အိုးလိုချိုင့်သွားတာ၊ မှန်တွေကွဲတာတွေ တွေ့ရတယ်၊ ဒါက စနစ်တကျ စီမံခန့်ခွဲမှု အားနည်းလို့ဖြစ်ရတာ၊ ဘတ်ဂျတ်တိုးတာ က ပထမဦးစားပေး ဖြစ်သင့်တယ်၊ ဒုတိယက ဒီဘတ်ဂျတ်ကို စနစ်တကျ သူ့နေရာနဲ့သူ အချိုးကျကျခန့်ခွဲမယ်ဆိုရင် ထိရောက်တဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ထင်တယ်။

ဟင်္သာမီဒီယာ ။ ။ ရှေ့လျှောက်မှာရော ပညာရေးအခြေအနေက ဘယ်လိုပုံစံ ဖြစ်လာမယ်လို့ ခန့်မှန်းထားလဲ။
ကိုဒေးဗစ် ။ ။ NLD အစိုးရကိုတော့ ကျွန်တော်တို့က ပိုပြီးတော့ မျှော်လင့်တယ်၊ ဒါပေမယ့် တိုင်းပြည်မှာ လက်ရှိ အာဏာရတာက NLD အစိုးရလို့ ပြောပေမယ့် လက်တွေ့မှာ အာဏာရှိနေတာက စစ်တပ်အာဏာရှိနေတုန်းလို့လည်း မြင်မိတယ်။ စစ်ရေးထက် ပညာရေးဘတ်ဂျတ်တိုးသုံးဖို့ သူလုပ်ချင်တိုင်း လုပ်ခွင့်ရပါ့မလား ဆိုတာက မေးခွန်းထုတ်စရာပေါ့၊ အစိုးရက လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ရရင်တော့ ပညာရေး စနစ်က အများကြီး ကောင်းသွားမှာပေါ့။ အစိုးရကလည်း ပညာရေးဘတ်ဂျက်ကို လွှတ်တော်မှာ ပိုပြီးတော့ တောင်းခံနိုင်ပြီး သေချာစီမံခန့်ခွဲနိုင်ရင်တော့ ပညာရေးစနစ် ကောင်းလာမှာပါ။ ဆရာ၊ ဆရာမ အနေနဲ့ ဆိုရင်လည်း အရည်အချင်းရှိတဲ့ ဆရာတွေကို ပိုပြီးတော့ မွေးထုတ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အခုတက်လာတဲ့ အစိုးရကရော စေတနာလူငယ်အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာရှိလား။
ကိုဒေးဗစ် ။ ။ သူတို့ သိချင်မှ သိမယ်လို့ထင်တယ်၊ ကျွန်တော်တို့ကလည်း သွားပြီး ပူးပေါင်းတာမျိုးလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသင်းတွေ ဘာတွေ မှတ်ပုံတင်ထားတာမျိုးလည်း မရှိဘူး၊ တစ်နိုင်တစ်ပိုင်မျိုး လုပ်တာဆိုတော့ ကိုယ့်နိုင်ငံ တစ်ထောင့်တစ်နေရာအတွက် လုပ်ပေးနေရရုံနဲ့ ကျေနပ်တယ်။

ဟင်္သာမီဒီယာ ။ ။ စေတနာလူငယ်များအဖွဲ့ကရော ရှေ့လျှောက်ဘယ်လိုပုံစံမျိုးနဲ့ သွားမှာလဲ။
ကိုဒေးဗစ် ။ ။ ကျွန်တော်တို့က အလှူပေးတဲ့အဖွဲ့ သာသာလောက်ပဲ ရှိနေသေးတယ်၊ ကျွန်တော်တို့ လုပ်ချင်တာတွေ အများကြီး ရှိနေသေးတယ်၊ ကျောင်းတွေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေချင်တဲ့ ပုံစံမျိုးတွေပေါ့၊ ကျောင်းတွေလည်း အခြေအနေကောင်းလာမယ်၊ သူတို့ကိုယ်၌လည်း အချိန်ရမယ်ဆိုရင်တော့ ကျောင်းတွေမှာ ကလေးတွေကို စာဖတ်စွမ်းရည် မြင့်တက်လာရအောင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားကောင်းလာရအောင်ဆိုပြီ်းတော့ ထပ်ပြီတော့ လုပ်သွားချင်တယ်။

ဟင်္သာမီဒီယာ ။ ။ စေတနာလူငယ်အဖွဲ့လိုမျိုး ပရဟိတလုပ်ငန်းတွေ စလုပ်နေကြတဲ့သူတွေကိုရော ဘာများ အကြံပေးချင်ပါသလဲ။
ကိုဒေးဗစ် ။ ။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ပညာရေးကဏ္ဍတစ်ခုတည်းမဟုတ်ပဲနဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်နေတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ကျေနပ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်သင့်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ဒါက ပညာရေးကဏ္ဍရယ်လို့ပဲ မဟုတ်ဘူး၊ ဘယ်ကဏ္ဍမှာပဲ ဖြစ်ဖြစ် နောက်တစ်ခုက လှူနေတန်းနေမှ မဟုတ်ဘူး၊ ကျောင်းသားပဲဖြစ်ဖြစ် အပြင်ကလူပဲဖြစ်ဖြစ်ဒီလိုမျိုး အဖွဲ့လေးလုပ်ပြီး ကိုယ်နိုင်သလောက်လုပ်သွားမယ်ဆိုရင် တစ်ဖြည်းဖြည်း တိုးတက်လာမှာပါ။

ဟင်္သာမီဒီယာ ။ ။ ကိုဒေးဗစ်အနေနဲ့ နောက်ဆုံးဘာများပြောချင်ပါသေးလဲ။
ကိုဒေးဗစ် ။ ။ ကျွန်တော်ကတော့ တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု တော်တော်များများကို ပညာရေး ကဏ္ဍအတွက် ဖြစ်စေချင်တယ်၊ ဒါက ကျွန်တော့်ရဲ့ ပင်မစိတ်အခံပဲ၊ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဖွံ့ဖြိုးစေချင်တယ်ဆိုရင် တိုင်းပြည်ရဲ့ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
အခုလို အချိန်ပေးဖြေကြာပေးတဲ့အတွက် ဟင်္သာမီဒီယာမှ အထူးကျေးဇူးတင်ရှိပါခင်ဗျား။

Written by- ဖိုးဝ

Leave a Reply