ပဲခူး၊ အောက်တိုဘာ ၄ ရက်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် ပါတီတည်ထောင်ရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်သည်။

“နိုင်ငံရေးပါတီ ဘာကြောင့်ထူထောင်သလဲ။ နိုင်ငံရေးအရ ဦးတည်ချက်၊ ယုံကြည်ချက်တူညီတဲ့ ရပ်တည်ချက်ရှိ သူတွေ စုစည်းထားတာဖြစ်တယ်။ အရင်ကတော့ နိုင်ငံရေးကို မခံချင်တဲ့စိတ်နဲ့လုပ်ခဲ့တယ်။ ပါတီစုံဒီမိုကရေစီ ပေါ်ပေါက်ဖို့အတွက် ကြိုးစားခဲ့ကြတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတကို ကျွန်တော်တို့ရခဲ့တယ်။ (၈)လေးလုံးကကြွေးကြော်သံကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိ တယ်။ လက်ရှိနိုင်ငံရေးပုံစံက မကြိုက်တဲ့အဖွဲ့အစည်း၊ မကြိုက်တဲ့စနစ်တစ်ခုကို ဆန့်ကျင်တဲ့အဆင့်ပဲ ရှိနေသေးတယ်။ ဆန့်ကျင်မဲပေးတယ်ဆိုတဲ့အဆင့်ပဲ အောင်မြင်ခဲ့တယ်”ဟု ဦးကိုကိုကြီးကပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် တိုင်းအဆင့်ရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၄ ရက်က ပဲခူးမြို့ရှိ ဂရင်းဆိုရှယ်ခန်းမတွင် ပြုလုပ်စဉ် ဦးကိုကိုကြီးကပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၈၈ နိုင်ငံရေးလှုပ်ရှားမှုကြွေးကြော်သံကို နားထောင်ကြည့်မယ်ဆိုရင် ဒီမိုကရေစီပေါ်ပေါက်ရေးက အဓိကပါ။ နိုင်ငံရေးစနစ်အကျပ်အတည်းကြောင့် ကျွန်တော်တို့နိုင်ငံ အဖက်ဖက်ကကျဆင်းခဲ့ရတယ်။ ထင်သလောက် ခရီး မပေါက်ခဲ့ကြဘူး။ ပါတီစုံ ဒီမိုကရေစီစနစ်မှာ အသားကျပြီးသားနိုင်ငံတွေအဖို့တော့ ပါတီမများပေမဲ့ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်အပြောင်းတစ်ခုမှာတော့ ပါတီများလာတာ ကွဲသွားတာမဟုတ်ပါဘူး။ ကွဲတာ ပြဿ နာမဟုတ်ဘဲ ကျွန်တော်တို့က ဒီမိုကရေစီဖော်ဆောင်ကြရမှာပါ။ နိုင်ငံရေးအခြေခံနဲ့ ရုန်းကန်ခဲ့တဲ့ရဲဘော်တွေ ရေရှည်နိုင်ငံရေးလုပ်ဖို့အတွက် သက်လုံကောင်းပြီးသား၊ အတွေ့အကြုံတွေရှိပြီးသားပါ။ ရုတ်ချည်းထဖွဲ့စည်းတဲ့ ပါတီတော့မဟုတ်ဘူး။”ဟု ဦးကိုကိုကြီးကပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ပါတီဖြစ်မြောက်ရေးကော်မတီ တိုင်းတာဝန်ခံအဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘို တောက်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်များတွင်လည်း ပါတီဖြစ်မြောက်ရေးကော်မတီ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

Written by – MMk

Leave a Reply