၂၀၁၉ ခုနှစ် မေလ ၁၅ ရက်

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တရားရင် ဆိုင် နေရသူ ၃၃၁ ဦးရှိနေပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ထင်သာမြင်သာသည့် ရလဒ်များ ထွက်မလာသေးဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ပြောသည်။

“သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးတယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်မြောက် လာတာတွေရှိတယ်။ အဲဒီမှာ ၂၀ ကျန်နေသေးတယ်ဆိုတဲ့ ကိစ္စကလည်း အဓိက အခြေခံအချက်က နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သတ်သတ်မှတ်မှတ် မရှိသေးလို့ဆိုတဲ့ ကိစ္စလို့ ကျနော်တို့က အဲလို မြင်ပါတယ်။ ဒါကတော့ တကယ့် အခြေခံအချက်ပါ” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောသည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားရေး၊ တိုင်းပြည်၏ အကျိုးစီးပွားများအတွက် လှုပ်ရှားဆောင်ရွက် နေသူများအားလုံးသည် နိုင်ငံရေးလှုပ်ရှားနေခြင်းဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေသည့် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း အဆိုပါ လှုပ်ရှားမှုများ ဆက်လက်ရှိနေသးသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ ဆက်ရှိနေသေးသည်ဟု AAPP က ပြောသည်။

“အစိုးရအဖွဲ့ဖက်ကသော်လည်းကောင်း ၊ တစ်ခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သော်လည်းကောင်း၊ နိုင်ငံ ရေး အကျဉ်းသားနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ချက်က ဒီနေ့အထိ ငြင်းခုန်နေတာတွေ ဖြစ်နေတယ်။ တစ်ချို့ ကလည်း ဒီအမှုတွေဟာ နိုင်ငံရေး အကျဉ်းသားအမှုမဟုတ်ဘူး ၊ တစ်ချို့လူတွေက ဒီလူတွေက နိုင်ငံရေး ကြောင့် အကျဉ်းကျတာ မဟုတ်ဘူးဆိုတဲ့ ကိစ္စမျိုးတွေ ၊ တစ်ချို့ ကျတော့ ဟုတ်တယ်ပေါ့။ ဒီနိုင်ငံရေး လှုပ်ရှားနေတဲ့ လူတွေ ၊ လူ့အခွင့်အရေး ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ လူတွေကို တိုင်းပြည်အတွက် တိုင်းပြည်ရဲ့ အကျိုး စီးပွားအတွက် လှုပ်ရှားဆောင်ရွက်နေကြပါတယ်လို့ တစ်ချို့ အာဏာပိုင်တွေက အဲဒီလို မမြင်တဲ့ ကိစ္စရပ်မျိုးတွေ ရှိနေပါတယ်။”

၂၀၁၉ ခုနှစ်၊ ဧပြီလကုန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ၄၈ ဦး အကျဉ်းကျခံနေရပြီး၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူ ၉၀ ဦးမှာ ထောင်အတွင်းမှ တရားရင်ဆိုင်နေရာကာ ၁၉၃ ဦးသည် ထောင်ပြင်ပမှ တရားရင်ဆိုင် နေရသည်ဟု မေလ ၁၅ ရက်နေ့ (ယမန်နေ့) ကထုတ်ပြန်လိုက်သည့် AAPP ၏ ဧပြီလ တစ်လအတွင်းသုံး သပ်ချက်များထဲတွင် ရေးသားထားသည်။

သမ္မတဦးသိန်းစိန်လက်ထက်နှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် နှစ်ခုစလုံး တွင် နိုင်ငံရေးအကျဉ်းသားများ မရှိရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း ဒီနေ့အချိန်ထိ နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိနေပြီး NLD လက်ထက်တွင် လုပ်ဆောင်နေမှုများမှာ အားရ ကျေနပ်မှု မရှိကြောင်း ဦးတိတ်နိုင် က ပြောသည်။

“ဒီအစိုးရက ပိုပြီးတော့ ကြိုးစားရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် အဲဒီထဲက ဆယ်ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ ရှိနေတဲ့ လွှတ်တော်အမတ် ဆယ်ရာခိုင်နှုန်းက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်တယ်။ သူတို့က နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ စာနာတယ် ၊ ပိုပြီးတော့ နားလည်နိုင်တယ် ၊ ပိုပြီးတော့ ခံစားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေရှိပါတယ်။ သူတို့ကတော့ ပိုပြီးတော့ စွမ်းဆောင်သင့်တယ်လို့ ကျနော် တို့ မြင်တယ်။ စွမ်းဆောင်နေတာလည်း ရှိပါတယ်။ သို့ပေမယ့်လို့ ထင်သာမြင်သာတဲ့ ရလဒ်တွေ ထွက်မလာ သေးတဲ့ကိစ္စတွေကတော့ ပြောစရာဖြစ်တာပေါ့လေ။”

ဧပြီလအတွင်း မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာမှ ရွာသား (၅) ဦး မှာ အမှုဖွင့်ခံခဲ့ရပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF-NB) မှ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့မှာ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ်စီချ မှတ်ခံခဲ့ ရသည်ဟု AAPP ၏ သုံးသပ်ချက်ထဲတွင် တွေ့ရသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းလက်ဝ ကျေးရွာမှ ဒေသခံ ၃ ဦးကို ပုဒ်မ ၁၇(၁)(၂)၊ ရက္ခိုင့်တပ် မတော် (AA) နှင့် ဆက်သွယ်ခဲ့သည့် သံဃာတော် (၂)ပါး၊ AA အဖွဲ့ဝင် (၃) ဦး တို့ကို ဖမ်းဆီးခဲ့ပြီး၊ မောင်တော မြို့နယ်၊ မောရဝတီကျေးရွာမှ ဒေသခံတစ်ဦးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀(က)တို့ဖြင့် အမှုဖွင့် ထားသည်ဟု AAPP ၏ ထုတ်ပြန်ချက်များ အရသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF-NB) မှ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့ မှာ သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေလ(၇) ရက်နေ့က လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

“ကျနော်တို့ ရဲဘော်တွေ ၁၇/၁ ဆိုတဲ့ မတရားအသင်းဆက်သွယ်မှုဆိုတဲ့ ပုဒ်မနဲ့ စွပ်စွဲပြီးတော့မှ ထောင်ဒဏ် အကျခံရတာဖြစ်ပါတယ်။ ဒါက ကျနော်တို့ ရဲဘော်တွေအတွက် မထိုက်တန်တဲ့ ဆုံးဖြတ်ချက်လို့ အစကတည်း က တင်ပြခဲ့ပါတယ်။ ကျနော်တို့ ABSDF တပ်ဖွဲ့ ဝင်တွေကို မတရားအသင်းစွပ်စွဲခံရတာဟာ ဒါက ဒုတိယ အကြိမ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုစွပ်စွဲမှုတွေဟာ နောက်နောင်မဖြစ်ဖို့လည်း လိုအပ်တယ်လို့လည်း သတိ ချပ်စေချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ဦးသံခဲ က ပြောသည်။

ဧပြီလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အမှုဖွင့်၊ တရားစွဲဆိုခံရသူ ၂၂ ဦးရှိပြီး၊ ခုနှစ်ဦးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)(ခ)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ ၁၉ နှင့် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခံထားရသည်ဟု AAPP ၏ တစ်လအတွင်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Leave a Reply