မော်လမြိုင် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း တနင်္သာရီတိုင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့တို့က စုပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ မွန်စာပေ ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံးတွင် ဆုံးဖြတ်ထားကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မွန်ဓမ္မာရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ တက်ရောက်လာသော မွန်စာပေယဉ်ကျေးမှုအဖွဲ့တို့က ယင်းအဖွဲ့ကို ဖွဲ့စည်းရန် သင့် မသင့် သဘောထားရယူရာတွင် ဖွဲ့စည်းသင့်ကြောင်းကို ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

”ဒီနေ့အစည်းအဝေးမှာတော့ နိုင်ငံလုံးဆိုင်ရာ မွန်စာပေယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းဖို့အတွက် ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားကြတယ်”ဟု သံဖြူဇရပ်မြို့ ဟံသာထောကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ မွန်စာပေယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့တို့က စုပေါင်းပြီး သင့်တော်သည့် ကိုယ်စားလှယ်အရေအတွက်ဖြင့် ခိုင်မာသည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းသွားရန် ဆုံးဖြတ်ထားကြပြီး သင်္ကြန်မတိုင်မီကာလအတွင်း နိုင်ငံလုံးဆိုင်ရာ မွန်စာပေယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“အခြားတိုင်းရင်းသားတွေက နိုင်ငံလုံးဆိုင်ရာအဖွဲ့တွေ ရှိကြတယ်။ ဒီတော့ မွန်မှာ မရှိသေးဘူး စာပေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ယဉ်ကျေးမှုနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အဆုံးအဖြတ်တစ်စုံတစ်ရာရယူတဲ့အခါ အခက်အခဲမရှိစေဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းသင့်တယ်”ဟု ကရင်ပြည်နယ် မွန်စာပေယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ နိုင်ဇော်မင်းဦးက ပြောသည်။

မွန်လူမျိုးတို့တွင် စာပေယဉ်ကျေးမှုအဖွဲ့သည် ကျေးရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့်၊ မွန်ဒေသလုံးဆိုင်ရာအဆင့်တို့ကို ဖွဲ့စည်းထားခြင့် ရှိနေသော်လည်း နိုင်ငံလုံးဆိုင်ရာ မွန်စာပေယဉ်ကျေးမှုဖွဲ့ကို ဖွဲ့စည်းထားခြင်း မရှိသေးပေ။

Leave a Reply