Myanmar Now

နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များတွင် နံပါတ်တူ၊ နာမည်တူများ ထပ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့လွှတ်တော်တွင် ဝန်ခံပြောကြားလိုက်သည်။

လက်ရေးဖြင့် စာရင်းရေးသွင်းခြင်း၊ ပြန်လည်စိစစ်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ထိုသို့ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မသမာမှုများကြောင့်ဟု စိစစ်တွေ့ရှိပါကလည်း အရေးယူနေပါကြောင်း ၄င်းကဆိုသည်။

သို့သော် အရေးယူထားသည့် အရေအတွက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မှတ်ပုံတင်နံပါတ်များ ထပ်နေခြင်းကြောင့် ပြည်သူအချို့ မှာ ဘဏ်စာရင်းဖွင့်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှုအတွက် စာချုပ်စာတမ်း ချုပ်ဆိုခြင်း၊ သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့တွင် ခက်ခဲမှုများရှိကြောင်း၊ မည်သို့ဖြေရှင်းပေးမည်ကို သိလိုကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ နံပါတ်ထပ်နေသူများ၊ အမည်ထပ်နေသူများကို ဝန်ကြီးဌာနဘက်က စိစစ်၍ အများသိစေရန် ကြေညာပေးသင့်ကြောင်း ဦးအောင်နိုင်က အကြံပြုသည်။

နိုင်ငံတော်အဆင့် လုပ်ဆောင်နေသည့် eGovernment လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီးသည့်အချိန်တွင် နည်းပညာအရ စာရင်းရေးသွင်းနိုင်မည်ဖြစ်သဖြင့် ထိုသို့သောကိစ္စရပ်များ ဖြစ်ပေါ်လာရန် မရှိတော့ဟု ဦးသိန်းဆွေက ဆက်ပြောသော်လည်း မည်သည့်ကာလတွင် ဆောင်ရွက်ပြီးစီးမည်ကိုမူ ထည့်မပြောခဲ့ပေ။

ဦးအောင်နိုင်ကမူ “အခြားနိုင်ငံခြားသား တစ်ဦးဦးနဲ့ ဒီလို နံပါတ်သွားထပ်မယ်ဆိုရင် ပြဿနာတွေဖြေရှင်းဖို့ ရှုပ်ထွေးတာတွေ ဖြစ်နိုင်ပါတယ်” ဟု မေးခွန်းမေးမြန်းစဉ် ထည့်သွင်းသတိပေးခဲ့သည်။

ယင်းသို့ကိစ္စမျိုး ယမန်နေ့ကပင် နေပြည်တော်၌ ဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်တွင် ကျင်းပနေသည့် မြန်မာ့ကျောက်မျက်ရတနာ နှစ်လည်ပြပွဲသို့ ဝင်ရောက်ခွင့်ရရန် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများကိုသုံး၍ တရုတ်နိုင်ငံသားသုံးဦးက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ကို လိမ်လည်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀၊ စာရွက်စာတမ်းအတု ပြုလုပ်မှုဆိုင်ရာ ပုဒ်မ ၄၆၈ တို့ဖြင့် ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းက ကနဦး အမှုဖွင့် စစ်ဆေးနေသည်။

နည်းပညာအသုံးပြု နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသည့်စနစ်တွင် နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံများကို သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် Unit ID Number တစ်ခုစီပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်းထားခြင်း လုပ်ငန်းများကို ပထမအဆင့်အနေနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မှတ်တမ်းတင်ပြီးသည့်သူများကို နိုင်ငံသားဥပဒေနှင့်အညီ စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card နှင့် ပြောင်းလဲထုတ်ပေးခြင်း လုပ်ငန်းများကို ဒုတိယအဆင့်အနေနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Leave a Reply