နိုင်ငွေသိမ်းကို ၁၉၂၃ ခု၊ မတ်လ ၁၉ ရက်နေ့တွင် အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၉ တွင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားနေချိန်၌ ရန်ကုန် ဂျပ်ဆင် ကောလိပ်တွင် သိပ္ပံဘာသာတွဲဖြင့် တက်ရောက် သင်ကြားခဲ့ပြီး၊ ထိုနောက် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၄၂ ခု အသက်၁၉ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မှ စပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် နိုင်ငွေသိန်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) အဖွဲ့ဝင်၊ အာရှလူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာမွန်ရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး(၁၉၄၈)အထိ၊ မွန်လူငယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ် အောင်ဆန်း ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲဘော်အဖွဲ့တွင် ဝါဒဖြန့်ချိရေးတာဝန်ခံများအဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသား အဖွဲ့ပူးတွဲတပ်ဖွဲ့၏ တာဝန်ခံ(၁၉၅၂)၊ မွန်ပြည်သူ့တပ်ဦး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ပါတီများ ဖွဲ့စည်းခွင့်ပြုသောအခါ UNLD အမြဲတမ်း သဘာပတိ အဖွဲ့ဝင်၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌအဖြစ် ဒီမိုကရေစီထွန်းကားရေးနှင့် အမျိုးသားတန်းတူညီမျှရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၈ ၊ ဇူလိုင်လတွင် နိုင်ရွှေကျင်(ကွယ်လွန် – မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း)နှင့်အတူ မော်လမြိုင်ထောင်၊ ၁၉၆၃ နိုဝင်ဘာလတွင် အင်းစိန်ထောင်နှင့် နေအိမ်အကျယ်ချုပ် နှစ်နှစ်ခန့်ကြာ ၊ ၁၉၉၁ နိုဝင်ဘာလတွင် မော်လမြိုင်ထောင်၌ နိုင်ထွန်းသိန်း (မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ) ၊ နိုင်ဗလတို့နှင့်အတူ ၃ နှစ်ခန့် ၊ ၁၉၉၈ တွင် ဒေါက်တာ မင်းစိုးလင်း ( မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အထွေထွေအတွင်းရေးမှူး) ၊ ဒေါက်တာ မင်းကြည်ဝင်း (တွဲဖက်အတွင်းရေးမှူး၊ မွန်မျိုးသားဒီမိုကရေစီအဖွဲ့ ) တို့နှင့်အတူ မော်လမြိုင်ထောင်တွင် ၇ နှစ်ခန့် ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ကရက်မှ ပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးအေးသာအောင် နှင့် မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌနိုင်ငွေသိမ်း တို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ချီးမြှင့်ပွဲကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သည်။

ဤဆုကို နော်ဝေး နိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံရေးတွင် ကိုယ်ကျိုးမဖက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူများကို ဒုတိယပင်လုံတွင် ပါဝင်လှုပ်ရှားခဲ့သူများအဖြစ် အသိအမှတ်ပြု သတ်မှတ်ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစတင်ကာ လူကြီးရောဂါကို စတင်ခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ည (၇) နာရီ မိနစ်(၂၀)တွင် ရန်ကုန်မြို့ရန်ကင်းတိုက်ခန်း နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၆) နှစ်ရှိပြီ ဖြစ်သည်။

Ref ; Wikipedia

Leave a Reply