ဦးနှောက်ဖွံ့ဖြိုးမှုနည်းပါးသော ကလေးငယ်များမွေးဖွားနိုင်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများအပြား ထိတ်လန့်နေရသော ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှုကား မြန်မာနိုင်ငံနှင့် တဖြည်းဖြည်း နီးကပ်လာချေပြီ။
ကုသရန် ဆေးမရှိသေးသည့် ဇီကာဗိုင်းရပ်စ်ရောဂါမှာ မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းမှ လုပ်သားအများအပြားသွားရောက်လုပ်ကိုင်နေသည့် စင်ကာပူ၊မလေးရှားနိုင်ငံတို့တွင် ဖြစ်ပွားနေပြီဖြစ်သည်။

zika
စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ယောက် ဇီကာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း နိုင်ငံတကာ သတင်းများက ဖော်ပြထားသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင်မူ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးထံတွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိထားကြောင်း ချင်းမိုင်မြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
ကူးစက်ရန်လွယ်ကူသည့် ဇီကာဗိုင်းရပ်စ်ကား မြန်မာနိုင်ငံ၏ နယ်နိမိတ်စည်းမျဉ်းအနား တဖြည်းဖြည်း ချဉ်းကပ်ရောက်ရှိလာပြီဖြစ်သည်။
ရောဂါဖြစ်ပွားက အသက်မသေဆုံးနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များသို့ကူးစက်ပါက ဦးနှောက်နှင့် ဦးခေါင်းသေးငယ်သော ကလေးငယ်များမွေးဖွားမည်ဖြစ်သော မိသားစုများနှင့် နိုင်ငံအတွက် ဒုက္ခပေးမည့် ဗိုင်းရပ်စ်ဖြစ်နေရာ မဖြစ်မနေ ပြင်ဆင်မှုများပြုလုပ်ရမည်ဖြစ်သည်။
နိုင်ငံအတွင်း မရောက်သေးသော်လည်း အိမ်နီးချင်းနိုင်ငံများအတွင်းဖြစ်ပွားပြီး ယင်းနိုင်ငံရောက်မြန်မာလူမျိုးများ စတင်ကူးစက်ခံနေရပြီဖြစ်ရာ အစိုးရက လတ်တလောတွင် ကြိုတင်ကာကွယ်မှုများပြုလုပ်၍ နယ်စပ်နှင့် လေဆိပ်များတွင် စစ်ဆေးမှုများပြုလုပ်ရန်ညွှန်ကြားထားကြောင်း တာဝန်ရှိသူများက ပြောဆိုထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ကူးစက်ရောဂါတိုက်ဖျက်ရေး ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က “ခုဆိုနိုင်ငံမှာ အဲ့ရောဂါမဖြစ်ရအောင် နိုင်ငံဝင်ပေါက်တွေရော လေဆိပ်တွေရော စစ်ဆေးနေတယ် နိုင်ငံဝင်ရင်အကုန် စစ်ဆေးမယ်”ဟု ပြတ်ပြတ်သားသားဆိုသည်။
၎င်း၏ အဆိုအရ လေဆိပ်များနှင့် နယ်စပ်ဂိတ်များအပါအဝင် နိုင်ငံဝင်ပေါက်များတွင် ဝင်ရောက်လာသူများကို ဇီကာဗိုင်းရပ်ရောဂါလက္ခဏာရှိမရှိစစ်ဆေးခြင်းများအပြင် အခြားကြိုတင်ကာကွယ်ရေးများကိုလည်း ပြုလုပ်တော့ မည်ဖြစ်သည်။

အာဖရိကဖွား ဇီကာ

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာသော ဇီကာဗိုင်းရပ်စ်ရောဂါကို ၁၉၄၇ ခုနှစ်တွင် အာဖရိကတိုက်၊ ယူဂန္ဓာနိုင်ငံတွင် မျောက်များ၌ စတင်ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် အေးဒီးစ်ခြင် ကိုက်ခံရမှုမှပင်ဖြစ်ပွားခြင်းဖြစ်ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူများသို့ စတင်ကူးစက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။
” အဲ့ဒီနိုင်ငံမှာ တောအုပ်လေးတစ်ခုရှိတယ်။ အဲ့တောအုပ်က ဇီကာတောအုပ်။ အဲ့တောအုပ်ကို အစွဲပြုပြီး ဇီကာလို့ခေါ်တာ ” ဟု ကူးစက်ရောဂါတိုက်ဖျက်ရေး ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ရောဂါ၏ နာမည်ဖြစ်တည်လာပုံကို ရှင်းပြသည်။
ယင်းမှသန္ဓေတည်၍ ရောဂါ ပျံ့နှံ့လာခြင်းဖြစ်ပြီး ၂၀ဝ၇ ခုနှစ်မတိုင်ခင်အထိ အာဖရိကနှင့် အာရှနိုင်ငံများတွင် သာ အဖြစ်များခဲ့သည်။
ယခုနှစ်ပိုင်းတွင်တော့ ဇီကာဗိုင်းရပ်စ်ရောဂါမှာ ကျယ်ပြန့်လာကာ လက်တင်အမေရိကတိုက်၊ဥရောပနှင့် အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်မှု ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့သည်။
လက်ရှိအခြေအနေတွင်တော့ အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ရောဂါဖြစ်ပွားလာခဲ့ကာ ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။
” နောက်ဆုံးသတင်းအရဆိုရင်တော့ နိုင်ငံပေါင်း ၇၂ နိုင်ငံမှာ ဖြစ်နေတယ်” ဟု ဇီကာဗိုင်းရပ်စ် ပျံ့နှံ့နေသည့်အခြေအနေနှင့်ပတ်သက်၍ ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။
စင်ကာပူနှင့် ထိုင်းနိုင်ငံရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူများပါလာချိန်တွင် မြန်မာအစိုးရကလည်း နိုင်ငံတွင်း မဝင်ရောက်လာရေးအတွက် စတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
” မြန်မာပြည်မှာ တော့ ဇီကာနဲ့ပတ်သက်တာမတွေ့သေးဘူးအိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်တာတော့ဟုတ်တယ်” ဟု ဒေါက်တာ သန်းထွန်းအောင်က ထပ်လောင်းပြောဆိုလေသည်။

ကိုယ်ဝန်ဆောင်များရဲ့ အန္တရာယ်

ကုသရန် ဆေးမပေါ်သေးသော ဇီကာဗိုင်းရပ်စ်မှာ အေးဒီးစ်ခြင်ကျားကိုက်ခံရခြင်းကြောင့်ပင် ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။
“သူက ခြင်ကနေပဲ ကူးတာလေ” ဟု မော်လမြိုင်မြို့ပေါ်ရှိ အထူးကုဆေးခန်းတစ်ခုတွင်လုပ်ကိုင်နေသူ ဆရာဝန်ကြီးတစ်ဦးက ရှင်းပြသည်။
စတင်ကူးစက်ခံရပါက ခေါင်းကိုက်ခြင်း၊ မျက်လုံးများနီရဲခြင်း၊အဖျားတက်ခြင်းများ၊ အရေပြားယားယံခြင်း၊ အနီအစက်အပြောက်များထွက်လာခြင်းတို့အပြင် အရိုးအဆစ်များနှင့် ကြွက်သားများနာကျင်ခြင်းစသည့် ရောဂါလက္ခဏာများ ပြသလာမည်ဖြစ်သည်။
” နှစ်ရက်ကနေ ၁၂ ရက်အတွင်းမှာ ဖျားမယ်။အနီစက်ထွက်မယ်။ ပြီးတော့မှ မျက်စိရဲမယ်။ အဆစ်တွေနာမယ် “ဟု ရောဂါလက္ခဏာများကို ဒေါက်တာသန်းထွန်းအောင်က ရှင်းပြသည်။
ယင်းလက္ခဏာများပြသ၍ သွေးဖောက်စစ်ကြည့်ပါက ဇီကာဗိုင်းရပ်စ်ဟုတ်၊မဟုတ်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တညီတညွတ်တည်းပြောဆိုကြသည်။
စတင်တွေ့ရှိခဲ့သည်မှာ ၆၉ နှစ်ခန့်ရှိပြီဖြစ်သည့် ဇီကာဗိုင်းရပ်စ်မှာ ကူးစက်လွယ် ရောဂါတစ်မျိုးဖြစ်ပြီး မိသားစုတစ်ဦးကူးစက်ခံရပါက အခြားသူတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ကြောင်း ကျန်းမာရေး အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
“လိင်ဆက်ဆံတာကနေလည်းကူးနိုင်တယ်။ သွေးသွင်းရင်လည်း ကူးနိုင်တယ်။ နောက်တစ်ခုက ကျတော့ မိခင်ကနေ ဗိုက်ထဲက ကလေးကို ကူးတာပေါ့” ဟု မော်လမြိုင်မှ အသက် ၄၀ ကျော်အရွယ်ရှိ အထူးကု ဆရာဝန်ကြီးက ရှင်းပြသည်။
ခြင်ကိုက်ခံသူတိုင်း ကူးစက်ခံရနိုင်ကိန်းရှိသည့် ဇီကာဗိုင်းရပ်စ်မှာ ကိုယ်ဝန်ဆောင် များနှင့် မွေးကင်းစကလေး ငယ်များအတွက် အထူးအန္တရာယ်ရှိနေသည့်ရောဂါဖြစ်ပြီး အခြားသူများကူးစက်ခံရပါက ထိခိုက်မှု နည်းပါး ကြောင်း ဆရာဝန်များက ရှင်းပြကြသည်။
“သာမန်လူမှာလည်းဖြစ်နိုင်တယ်။ယောကျာ်းတွေမှာလည်း မစိုးရိမ်ရဘူးဆိုပေမယ့် တစ်ခါတစ်ရံတော့ဖြစ်နိုင်တာပေါ့” ဟု သတိပေးပြောဆိုသည်။
ကိုယ်ဝန်ဆောင်မိခင်များကူးစက်ခံရပါက သန္ဓေသားကိုထပ်ဆင့်ကူးစက်ကာ မွေးဖွားချိန်တွင် လူစဉ်မမီသော Microcephaly ဟု ခေါ်သည့် ဦးခေါင်းသေးငယ်သော ကလေးငယ်များကို မွေးဖွားနိုင်ကြောင်း ၎င်းတို့က ရှင်းပြသည်။
“ကလေးတွေမွေးရင် ဦးနှောက်ဖွံ့ဖြိုးမှုနည်းပြီး ခေါင်းသေးသေးလေးတွေနဲ့ မွေးလာတယ်” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောဆိုသည်။
ထို့အတူ မွေးကင်းစကလေးငယ်များ ကူးစက်ခံရပါကလည်း ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်ဟု ကျန်းမာရေး သုတေသနအချို့က ဖော်ပြထားကြောင်း ကျန်းမာရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
အသက်သေနိုင်စွမ်းနည်းပါးသော်လည်း ဦးနှောက် ဖွံ့ဖြိုးမှုနည်းပါးသည့်ကလေးငယ်များမွေးဖွားခြင်းမှာ မိသားစုများနှင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဖြစ်သည်။
” ဒီကလေးတွေမွေးလာမယ်ဆိုရင်လည်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့် အဲ့ဒါကို တို့ကလုပ်နေရတာ မကူးမစက်အောင်တို့က ထိန်းနေရတာ”ဟု ကူးစက်ရောဂါတိုက်ဖျက်ရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ရှင်းပြပြောဆိုသည်။

အားလုံးကာကွယ်ရေး

ဇီကာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စက်တင်ဘာလ ပထမပတ် အတွင်းမှ စ၍ လေဆိပ်များတွင် စတင်စစ်ဆေးမှုများပြုလုပ်နေပြီး နယ်စပ်ဂိတ်များတွင်လည်း စစ်ဆေးမှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အစိုးရများကို ညွှန်ကြားထားကြောင်း ကျန်မာရေးဝန်ကြီးဌာနထံမှ သိရသည်။

zikar
“နိုင်ငံဝင်ပေါက်တွေရော လေဆိပ်တွေရော စစ်ဆေးနေတယ်။ နိုင်ငံဝင်ရင်အကုန် စစ်ဆေးမယ်” ဟု ဒေါက်တာသန်းထွန်းအောင်က ထပ်လောင်းပြောဆိုသည်။
ဆရာဝန်များကလည်း အိမ်နီးချင်းနိုင်ငံထိုင်းတွင်ဖြစ်ပွားနေသည့်အတွက် နယ်စပ်ဂိတ်များတွင် စစ်ဆေးရေးမှာ အရေးကြီးပြီး ခိုးဝင်၍မရရန် သေချာအလေးထားဆောင်ရွက်သင့်ကြောင်း ထောက်ပြပြောဆိုကြသည်။
ယင်းနှင့်ပတ်သက်၍ ဒေါက်တာသန်းထွန်းအောင်က ” ခိုးဝင်လို့မရဘူး။ကူးစက်ဥပဒေရှိတယ်။ ခိုးဝင်ရင် နိုင်ငံကို ရောဂါ ဖြန့်သလိုဖြစ်မယ်။ ပုံမှန်အပေါက်ကပဲဝင်ရမယ်” ဟု အသိပေးပြောဆိုသည်။
ထို့အတူ ပြည်သူများအနေဖြင့်လည်း ကုသရန်နှင့်ကာကွယ်ရန်ဆေးမရှိသေးသော ဇီကာဗိုင်းရပ်စ် မကူးစက်စေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ ခြင်ကျားမကိုက်ခံရအောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးအဖွဲ့အစည်းများမှ သတိပေးပြောဆို ထားသည်။
“အရေးကြီးတာက ခြင်ကိုက်မခံဖို့ ၊ အမြဲတန်းခြင်မကိုက်တဲ့ ဆေးတွေလိမ်းရမယ်။အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ရမယ်။ ခြင်ဆေးတွေဘာတွေမှုတ်ရမယ်။ ခြင်ထောင်နဲ့ အိပ်ရမယ်” ဟု ဆရာဝန်တစ်ဦးက လမ်းညွှန်ပြောဆိုသည်။
ရောဂါဖြစ်ပွားစေသော ခြင်ကျားနှင့် ပိုးလောက်လန်းမပေါက်ဖွားစေရန် ညွှန်ကြားထားချက်များကို လုပ်ဆောင် ရမည်ဖြစ်ပြီး ရောဂါလက္ခဏာများတွေ့ရှိပါကလည်း ဆေးမြီးတိုနှင့်မကုသဘဲ ဆေးခန်း နှင့်ဆေးရုံများ တွင်ပြသသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများကလည်း ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံအတွင်း ကူးစက်ဝင်ရောက်မှုမရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ကမ္ဘာနိုင်ငံပေါင်း ၇၀ ကျော်တွင်ဖြစ်ပွားနေသည့် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကား အိမ်နီးချင်းနိုင်ငံများအထိရောက်ရှိလာပြီဖြစ်ရာ မြန်မာနိုင်ငံနှင့် တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ကူးစက်ရောဂါတိုက်ဖျက်ရေး ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကတော့ ဇီကာဗိုင်းရပ်စ် နှင့်ပတ်သက်၍ “မြန်မာပြည်ထဲမှာ တော့ မတွေ့သေးဘူး။ တို့တွေအနေနဲ့ကတော့ အဝင်မခံအောင် ကြိုးစားနေတယ်” ဟု ဆိုလေသည်။

Leave a Reply