ရန်ကုန်၊ အောက်တိုဘာ ၂၄ ။ ။ အစိုးရဌာနများ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ရှိ လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေး နှင့် သပြေကုန်ဈေးများတွင် သာသနာဆိုင်ရာ ပုဂ္ဂိုလ်များ အလှူခံခြင်းကို တားမြစ် ထားကြောင်း ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ထံမှသိရသည်။

nay-pyi-taw

အဆိုပါ ဈေးများ၊ ကားဂိတ်များ၊ စားသောက်ဆိုင်များတွင် ရဟန်းသံဃာများ၊ သီလရှင်နှင့် ယောဂီ ဝတ်များ အလှူခံခြင်းမပြုရန်နှင့် အလှူခံခြင်းများတွေ့ရှိပါက အရေးယူသွားမည်ဟု ဇမ္ဗူသီရိမြို့နယ်သံဃာ့နာယကအဖွဲ့မှ ထုတ်ပြန်ကြေညာထားကြောင်း ယင်းမြို့နယ်ရှိ သာသနာရေးမှူးဦးလှမင်းကပြောကြားသည်။

ယခုလအောက်တိုဘာ ၁၉ ရက်နေ့တွင်ယင်းထုတ်ပြန်ကြေညာချက်ကိုစတင်ထုတ်ပြန်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တွင် သာသနာ့ဝိနည်းဖြင့် မညီသောအလှူခံမှုများများပြားလာသောကြောင့် သာသနာညှိုးနွမ်းမှုမရှိစေရန် တားမြစ်ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“အခုဟာကတော့ ဒီလိုအလှူခံတာသာသနာတော်ကိုအကြည်ညိုပျက်စေတယ်ပေါ့ဗျာသံဃာ၊ သီလရှင်တွေနဲ့ မအပ်စပ်ဘူးဆိုပြီးဆရာတော်ကြီးတွေက စည်းဝေးပြီးဆုံးဖြတ်တာ”ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါထုတ်ပြန်ချက်ကိုဇမ္ဗူသီရိမြို့မဈေးနှင့် သပြေကုန်းဈေးများရှိ ဈေးတာဝန်ခံများထံသို့ ဖြန့်ဝေပေးထားပြီး တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင် ဆရာတော်များနှင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ နှစ်ဖွဲ့ခွဲပြီးစစ်ဆေးဆောင်ရွက်နေပြီး လက်ရှိတွင် စီမံချက်ကာလတစ်လ သတ်မှတ်ထား သည်ဟုဦးလှမင်းကပြောကြားသည်။

ယင်းသတ်မှတ်နေရာများတွင် ရဟန်းသံဃာများနှင့် သီလရှင်အလှူခံများ တွေ့ရှိပါက သာသနာ ဥပဒေအရသက်ဆိုင်ရာဆရာတော်ကြီးများကအရေးယူသွားမည်ဖြစ်ပြီးသတ်မှတ်ကာလပြီးဆုံးသွားပါကလည်းနောက်ပိုင်းတွင်ရှောင်တခင် ဝင်ရောက်စစ်ဆေးအရေးယူ မှုများပြုလုပ်သွားမည်ဟု ၄င်း ကဆက်လက်ပြောကြားသည်။

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းက “ကျွန်တော်တို့ သာသနာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားတာမျိုးတော့ မရှိပါဘူး ဒါမြို့နယ်သံဃာ့နာယကအဖွဲ့က ဆရာတော်ကြီးတွေ ပြုလုပ်တာပါ”ဟု ပြောကြားသည်။

Leave a Reply