Advertisements

နောင်ချို၊ အောက်တိုဘာ(၁)ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့မစခန်းရှိ ဆုပေးမဏ္ဍပ်အတွင်း (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက်၊ နံနက်ပိုင်းကျင်းပခဲ့ကြောင်း သိရသည်။

“ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ဒီနှစ်မှာတော့ တော်တော်ထူးထူးခြားခြားလုပ်ဖြစ်ပါတယ်။ ဘာတွေထူးခြားသလဲဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကိုဆုချီးမြင့်ပေးခဲ့သလို၊ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ လူမှုကူညီရေးအသင်းတွေ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း ဂုဏ်ပြုဆုတွေပေးပါတယ်။”ဟု နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွေးက ပြောသည်။

မြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် အမှုအခင်းများတွင် အသက်ကိုပဓာနမထားဘဲ စွန့်လွတ်စွန့်စားသည့်စိတ်နှင့် စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံကူညီပေးခဲ့သည့်အပြင် ဖော်ထုတ်ရန်ခက်ခဲသည့် အုပ်စုလိုက်လူသတ်သည့် မှုခင်းများကို နာရီပိုင်းအတွင်းဖော်ထုတ် ဖမ်းဆီးရာတွင် ကူညီခဲ့ကြခြင်းကြောင့် မိတ်ဖက်အဖွဲ့အစည်းများကို ဆုပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကားတိုက်မှုကအစ၊ လူသတ်အလောင်းဖျောက်တဲ့အထိ လူမှုကူညီရေးအသင်းတွေက အချိန်မရွေး၊ နေရာမရွေး ဒုက္ခအဆင်းရဲခံပြီး အခက်အခဲတွေကြားက အရေးပေါ်ကားတွေနဲ့ကူညီပေးခဲ့ရုံမက သတင်းတွေ ကိုလည်း ဦးဆုံးပေးနိုင်ခဲ့လို့ ဒီနှစ်မှာ အမှုအခင်းတွေကို အခက်အခဲမရှိရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေကြားမှာ ရဲတပ်ဖွဲ့ရဲ့ဂုဏ်သတင်းကောင်းခဲ့တယ်။ ဒါကြောင့်သူတို့ ကိုလည်း ဂုဏ်ပြုဆုတွေ ပေးရတာပါ။”ဟု ရဲမှူးတင်ထွေးက ပြောသည်။

(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ အကြပ်ဆုရရှိသူ (၁၀)ဦး၊ မိတ်ဖက်အဖွ့ဲစည်း များမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီရေးအသင်း(၂)သင်း အပါအဝင် ဂုဏ်ပြုဆုရရှိသူ(၁၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း မိသားစုနေအိမ်လိုင်းခန်းနှင့် စိုက်/မွေးဆုရရှိသူ (၅)ဦးတို့ကိုဂုဏ်ပြုဆုချီးမြင့်ခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply