မော်လမြိုင်၊ မတ် ၃ ။ ။ ဘားအံ-မြဝတီ လမ်းပေါ်ရှိ နောင်လုံတိုးဂိတ်တွင် သေနတ်ပစ်ဖောက်ခဲ့သော စောပုံးပုံကို မတ်လ ၁ ရက်နေ့က ကရင်ပြည်နယ်၊ဘားအံမြို့၊နောင်လုံအနောက်ကျေးရွာအုပ်စု၊ ရွှေလှိုင်ကျေးရွာတွင် လက်နက်ခဲယမ်း၊ ရွှေထည်၊ မူးယစ်ဆေးဝါးတို့အပြင် ငွေသားအမြောက်အများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဘားအံမြို့နယ်၊ အိန္ဒုနယ်မြေ ရဲစခန်းထံမှ သိရသည်။

မတ်လ ၁ ရက်နေ့၊နံနက်ပိုင်းတွင် ရွှေလှိုင်ကျေးရွာရှိ တဲတစ်လုံး၌ ခိုအောင်းနေသော စောပုံးပုံကို သရက်တော ကျေးရွာ နေ ဦးစောတင်သိန်း၊ ရွှေလှိုင်ကျေးရွာနေ ဦးစိန်းညို (ခ) မောင်ကျော်တို့နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး AK – 47 တစ်လက်၊ M – 16 သုံးလက်၊ M41 / A-1 လောင်ချာတွဲ တစ်လက်၊ ၃၈ ဘို့ပစ္စတို တစ်လက်၊ ၉ မမ ပစ္စတိုတစ်လက် စသည့် လက်နက်ခုနှစ်မျိုးနှင့် အခြားလက်နက်ကျည်ဆံ၊ခဲယမ်းများကိုပါ ဖမ်းမိခဲ့ကြောင်း ဘားအံမြို့နယ်၊ အိန္ဒုနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၉ ရက် နံနက် ရ နာရီခန့်က ဘာအံ – မြဝတီ လမ်းပါ်ရှိ နောင်လုံတိုးဂိတ်တွင် တာဝန်ကျ ဝန်ထမ်း မှ ဂိတ်တံခါးဖွင့်စဉ် ကာရီးနား အဖြူရောင် မော်တော်ယာဉ်တစ်စီး သည် တိုးဂိတ်မောင်းတံကို ကားဖြင့် တိုက်မိခဲ့ကြောင်း၊ ထို့ိသို့တိုက်မိရာတွင် ယာဉ်ပေါ်မှ ဆင်း၍ သေနတ် နှစ်ချက်ပစ်ဖောက်ပြီး ဝန်ထမ်းများနှင့် စကားအချေအတင် ပြောဆိုရာမှ နောက်ထပ်သေနတ် သုံးချက်ပစ်ဖောက်၍ မောင်းနှင်ထွက်ပြေးသူကို ဝင်ရောက် ဖမ်းဆီးစစ်ဆေးရာတွင် ပစ္စည်းများကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့ပြင် ဆမ်ဆောင်းတံဆိပ်ပါ လက်ကိုင်ဖုန်း နှစ်လုံး၊ စကိုင်းတံဆိပ်ပါ လက်ကိုင်ဖုန်း တစ်လုံးနှင့် စောပုံးပုံ စီးနင်းခဲ့သည့် ကာရီးနား အဖြူရောင်မော်တော်ယာဉ် တစ်စီးတို့ကိုပါသိမ်းဆည်းရမိခဲ့ပြီး အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ကာ ဘားအံမြို့၊ သရက်တောကျေးရွာ၊ သရက်တောလမ်း၊ အမှတ် (၄/၂၂၄) တွင် နေထိုင်သည့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မြင့် (ခ) ဒေါ်ခင်ကြဲ၏ နေအိမ်ကို မတ်လ ၁ ရက်နေ့၊မွန်းလွဲတစ်နာရီ၌ ဆက်လက်ရှာဖွေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ရှာဖွေခဲ့ရာတွင် ဒေါ်ခင်မြင့် (ခ) ဒေါ်ခင်ကြဲ၏ နေအိမ်တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၀ ပြား၊ ဆေးရှူရာတွင် အသုံးပြုသည့် စက္ကူပြောင်းငယ်တစ်ခု၊ အိမ်ဝင်းအတွင်းမှှ ဆေးပြားထုပ်ပိုးရာတွင် အသုံးပြု သည့် WY ဆေးပြားအနံံ့များ ဆွဲနေသည့် တိတ်ဖြင့်ကပ်ထားသော မိုင်းကိုင်းစက္ကူတစ်ထုပ်နှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိသာသုံးကျပ်သား၊ ငွေကျပ် ၂၂၂ သိန်းနှင့် ထိုင်းဘတ်ငွေ သုံးသိန်းကို ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း အိန္ဒုနယ်မြေ ရဲစခန်းက သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပက်သတ်၍ လတ်တလောတွင် စောပုံးပုံ၊ စောတင်သိန်း (ခ) ဘတင်၊ စိန်းညို (ခ) မောင် ကျော်တို့ သုံးဦးကို အိန္ဒုနယ်မြေရဲစခန်းမှ (ပ) ၉/၂၀၁၆၊ လက်နက်ပုဒ်မ – ၁၉ (စ) ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သုံးစွဲခဲ့သူ ဒေါ်ခင်မြင့် (ခ) ဒေါ်ခင်ကြဲနှင့် စောပုံးပုံတို့နှစ်ဦးအား မယ (ပ) ၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ – ၁၅/၁၆ (ဂ) /၂၀ (က) /၂၁ တို့ဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း အဆိုပါ နယ်မြေ ရဲစခန်း မှတ်တမ်းအရ သိရသည်။

Leave a Reply