Advertisements

နိုဝင်ဘာ ၂၂ ၊ ၂၀၁၇။

တစ်နှစ်ကျော် ကြာမြင့် နေပြီ် ဖြစ်သော်လည်း လူသတ် တရားခံအား ဖမ်းဆီး နိုင်ခြင်း မရှိသေးသည့် တက်ကြွှ လှုပ်ရှားသူ နော်ချစ်ပန်းတိုင် အသတ်ခံ ရမှုအား အမြန်ဆုံး ဖော်ထုတ် ပေးရန်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ထံမှတဆင့် ပြည်ထဲရေးရေး ဝန်ကြီး ဌာန ထံသို့ ၎င်း၏ မိခင်မှ ဦးဆောင်၍ ဒေသခံ ၂၀၀ ကျော် ဝိုင်းဝန်း၍ လက်မှတ်ထိုးကာ နိုဝင်ဘာ (၁၉) ရက်န့၌ တောင်းဆို ခဲ့သည်။

ယင်းသို့ တရားခံ လွတ်မြောက် နေခြင်းမှာ မိမိတို့ အတွက်လည်း လုံခြုံမှု မရှိသည့် သဘောမျိုး သက်ရောက် နေကြောင်းလည်း တာကပေါ လူငယ် အဖွဲ့မှ အကြံပေး နော်ပီသလောက ဆိုသည်။

“အမှုမှန် ပေါ်ပေါက်ရေး အတွက် တိုင်းဒေသကြီး အစိုးရက ပိုအားစိုက်ထည့်ဖို့ လိုတယ်လို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ် သီရိ အားကစားကွင်း အတွင်း လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ ရသော လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူ နော်ချစ်ပန်းတိုင် အမှုအတွက် သက်သေခံ များစွာကို စစ်ဆေး ခဲ့ပြီး KNU မှ သက်သေ များကိုသာ စစ်ဆေးရန် ကျန်ရှိ နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး နေမျိုးက ပြောသည်။

“ငါတို့ တောင်းဆို ထားတဲ့ သူတွေကို KNU က ပေးရင် ရမယ်။ JMC မှာလည်း တရားဝင် ပြောပြီးပြီ။ KNU ကိုလည်း တရားဝင် ပြောပြီးပြီ။ တစ်ကြိမ် မကတော့ဘူး၊ သုံးကြိမ်လောက် ရှိနေပြီ။ အပေါ်ကို တင်ပြထားတယ် ပြောတယ်။ လွဲှပေးရင် အဲဒီလူ စစ်မှ တရားခံ ဘယ်သူလဲ ဆိုတာ ပြောနိုင်မယ်” ဟု ရဲမှုူးကြီး နေမျိုးက ဆိုသည်။

နော်ချစ်ပန်းတိုင်သည် ထားဝယ်ဒေသ အရှေ့ဘက်ရှိ ကရင် တိုင်းရင်းသား ကျေးရွာများ အတွင်း သယံဇာတ တူးဖော်မှု များကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ၊ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှု များကြောင့် ဒေသခံများ အခွင့်အရေး ဆုံးရံှူး နေရခြင်းနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ၊ ဥပဒေအရ အကာအကွယ် ရရှိရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် တာကပေါ လူမှုအဖွဲ့၏ ဝန်ထမ်း ဟောင်းတစ်ဦး ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထားဝယ်မြို့၌ ပြုလုပ်သည့် ဂီတအစည်းအရုံး ရံပုံငွေ အဆိုပွဲအား ဝါသနာအရ သွားရောက် သီဆို ယှဉ်ပြိုင်ရန် သွားရောက်စဉ်၌ ပွဲစင်မြင့် အနီးတွင်း ဓားဖြင့် အထိုးခံရ၍ လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရခြင်း ဖြစ်သည်။

ထိုအမှု အတွက် ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်နေ့ တွင်လည်း တာကပေါ လူမှုအဖွဲ့၊ ထားဝယ် အမျိုးသမီး သမဂ္ဂ၊ ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (ထားဝယ်) တို့မှ ကြေငြာချက် ထုတ်ပြန်၍ တောင်းဆို ထားခဲ့ဖူးသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply