နေ့စဉ် လူမှုဘဝများထဲက သိထားသင့်သောရောဂါ

ယခင်က မရဏလမ်းသို့ ခြေတစ်ဖက်လှမ်းထားသည့် အနေအထားတွင်ရှိသည့် ရောဂါတစ်မျိုးကို ယနေ့ခတ်တွင် ဆောလျင်စွာသိပါက ထိုခြေလှမ်းကို ပြန်ရုပ်သိမ်းနိုင်သည့် အနေအထားရှိနေပြီ။ ယင်းရောဂါမှာ ကင်ဆာရောဂါပင် ဖြစ်သည်။

ကင်ဆာရောဂါ အားလုံး၏ ၉၀ ရာခိုင်နှုန်းသည် စောစောသိလျှင် အမြစ်ပြတ်အောင် ကုသနိုင်သည်။ သို့သော် လူအများသည် ကုသခြင်းထက်ကာကွယ်ခြင်းက ပို၍ ကောင်းမွန်သည်ကို သတိမမူကြပေ။

နှစ်စဉ်အလိုက် ကမ္ဘာ့ကင်ဆာရောဂါသည်အရေအတွက်သည် များပြားလာခဲ့သည်။ BLOBOCAN အဖွဲ့၏ ကင်ဆာ စစ်တမ်းများအရ ၂၀၀၈ ခုနှစ်တွင် ကင်ဆာဖြစ်ပွားမှုနှုန်း ၁၂ ဒသမ ၅ သန်းရှိပြီး ၂၀၁၈ ခုနှစ်တွင် ၁၈ ဒသမ ၁ သန်း အထိများပြားလာခဲ့ကြောင်း တွေ့ရသည်။ ၂၀၃၀ ပြည့်နှစ်အထိ ယင်းအဖွဲ့၏ ခန့်မှန်းထားသည့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၆ ဒသမ ၄ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ကင်ဆာဆိုတာ ဘာလဲ
ကင်ဆာရောဂါဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်း ဆဲလ်များ အထိန်းအကွက်မရှိဘဲ များပြားစွာ ကြီးထွားလာပြီး ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို ထိုးဖောက်ဝင်ရောက် ဖျက်ဆီးပစ်နိုင်သော ရောဂါဖြစ်သည်။

ယင်းကင်ဆာကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူအရေအတွက်မှာ ၂၀၁၈ ခုနှစ်တွင် ၉ ဒသမ ၆ သန်းအထိရှိကြောင်း BLOBOCAN အဖွဲ့စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ တစ်ကမ္ဘာလုံး၏ လူသုံးဦးလျှင် တစ်ဦးသည် ၎င်း၏ တစ်သက်တာ ကာလအတွင်း ကင်ဆာရောဂါတစ်မျိုးမျိုး ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ပေါ့ဆရန် မသင့်ပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖော်ပြချက်အရ ကင်ဆာရောဂါဖြစ်ရခြင်း အကြောင်းအရင်းများမှာ အစားအသောက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးများ ဗိုင်းရပ်စ်ပိုး၊ လိင်ဆက်ဆံမှု၊ လုပ်ငန်းခွင်အန္တရာယ်၊ အရက်၊ နေရာဒေသ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ စက်ရုံစွန့်ပစ်ပစ္စည်းများ ဆေးဝါးနှင့် မျိုးရိုးလိုက်မှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစားအသောက်နှင့် ကင်ဆာ
ကင်ဆာရောဂါသည် အစားအသောက်ကြောင့် ဖြစ်ပွားနိုင်ခြေပိုများသည်။ ကင်ဆာဖြစ်စေရန် အားပေးသည့် အစားအသောက်များမှာ ဓာတုဗေဒ ဆိုးဆေးပါသော အစားအစာများ၊ အဖလာတောက်စင်(Aflatoxin) အဆိပ်ပါသော မှိုတစ်မျိုး၊ စသည်များက ကင်ဆာဖြစ်စေရန်အားပေးသည်။

ထို့ပြင် လက်ဖက်ရည်ဆိုင်များတွင် လူအများသောက်သုံးသည့် ကော်ဖီမှာလည်း ကင်ဆာရောဂါကို ဖိတ်ခေါ်သည့် အရာတစ်ခုဖြစ်သည်။

ကော်ဖီ အလွန်အကျွန်သောက်ခြင်းကြောင့် ပန်ကရိယနှင့် ကျောက်ကပ်ကင်ဆာများ ဖြစ်ပွားစေသည်။
ဒါ့အပြင်တိရစ္ဆာန်မှ ရသောအဆီနှင့် အသားများကလည်း အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ပရောစတိတ်ကင်ဆာနှင့် အစာဟောင်းအိမ် ကင်ဆာတို့ ဖြစ်ပွားနိုင်သည့်အတွက် ဆင်ခြင်စားသုံးသင့်ပေသည်။

အစားအသောက်ကြောင့် ကင်ဆာဖြစ်ပေါ်နိုင်သကဲ့သို့ အစားအသောက်များကလည်း ကင်ဆာဖြစ်ပွားမှုကို တစ်ဖန်ကာကွယ်ပေးပြန်သည်။ ယင်းအစားအစာများမှာ အမျှင်ပါသောအစားအသောက်များ၊ အဝါရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်ရွက်များနှင့် ကြက်သွန်ဖြူ ကြက်သွန်နီ စသည့် အစားအသောက်များကလည်း ကင်ဆာကို ကာကွယ်ပေးနိုင်သည်။

ဆေးလိပ်နဲ့ ကင်ဆာ၊ ကင်ဆာနဲ့ အရက် ဆေးလိပ်၊ ဆေးရွက်ကြီးများကလည်း ကင်ဆာရောဂါကို ဖြစ်စေသည်။
ယနေ့ခေတ် လူငယ်များအကြားတွင် ဆေးလိပ်သောက်သုံးခြင်းသည် ကင်ဆာကို အားပေးရာလည်း ရောက်သည်။

ဆေးလိပ်ဆေးရွက်ကြီးများ လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံသာမက ကမ္ဘာတွင်လည်း နည်းအမျိုးမျိုးဖြင့် ကြိုးစားနေသော်လည်း ယနေ့အချိန်ထိ ဆေးလိပ်သောက်သုံးမှုမှာ လျော့ကျခြင်း မရှိဘဲ နှစ်စဉ်ပိုများလာသည်ကို တွေ့ရသည်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံအနက် ၈ နိုင်ငံတွင် ဆေးရွက်ကြီးကို ဈေးကွက်ဝင်သည့် ပမာဏအတိုင်းအတာအထိ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကမ ္ဘာပေါ်တွင် တတိယအများဆုံး ဆေးရွက်ကြီးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးများကြောင့် သွေးကင်ဆာလည်း ဖြစ်ပွားနိုင်သည်။ ထို့နောက် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီးသည် ကင်ဆာဖြစ်ပွားနိုင်ခြေ ဒုတိယ အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် အရက်သောက်သုံးသူများတွင်လည်း ကင်ဆာရောဂါဖြစ်ပွားစေသည်။ အရက်၏ ဘေးထွက်ဆိုးကျိုးကြောင့် နှုတ်ခမ်းကင်ဆာ၊ ပါးစပ်အတွင်း ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ အသည်းကင်ဆာတို့ဖြစ်ပွားနိုင်သည်။

လူပြောများတဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာယနေ့ခတ် အမျိုးသမီးများအကြားတွင် ရင်သား ကင်ဆာမှာ ဖြစ်ပွားမှုနှုန်းများလာသည်။ ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အမျိုးသမီးများမှာ ဆောလျင်စွာ အပျိုဖော်ဝင်၍ သွေးဆုံးနောက်ကျသူများ၊ အသက် ၅၅ နှစ်ကျော်မှ သွေးဆုံးသူများ၊ ကိုယ်ဝန် လုံးဝမရသူများနှင့် ကိုယ်ဝန်ဆောင်ချိန် နောက်ကျသူများသည် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများသည်။

ထို့ပြင် အီစထရိုဂျင် ဓာတ်ပါသန္ဓေတားဆေးကို လေးနှစ်ကျော် သုံးစွဲပါက သွေးမဆုံးမီ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများခြင်းနှင့် သွေးဆုံးလက္ခဏာများ သက်သာစေရန် သောက်သုံးသည့် အီထရိုဂျင် ပါ သွေးဆုံးဆေးများတစ်နှစ်ထက် ပို၍ သုံးစွဲပါက ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသောကြောင့် သတိပြုဆင်ခြင်သင့်ပေသည်။

ဒါ့အပြင့်် အဆီအအိမ့်အစားများခြင်း၊ အဝလွန်ခြင်း၊ အရက်သေစာအလွန်အကျူး သောက်သုံးခြင်းများကြောင့်လည်း ရင်သားကင်ဆာ ဖြစ်နိုင်သည်။

ရင်သားကင်ဆာ ရှိမရှိကို မိမိကိုယ်တိုင် စစ်ဆေးနိုင်ပြီး အသက် ၂၀မှ စတင်စစ်ဆေးနိုင်ပြီး စစ်ဆေးချိန်ကို အမျိုးသမီးများအနေဖြင့် လစဉ်ရာသီပြီးဆုံးပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း ပုံမှန် စစ်ဆေးသင့်ပါသည်။ သွေးဆုံးပြီးသည့်အမျိုးသမီးများအနေဖြင့် လစဉ် ရက်တစ်ရက်ကိုသတ်မှတ်ပြီး စစ်ဆေးကြည့်သင့်သည်။

သို့သော် စစ်ဆေးရာတွင် သတိပြုရမည့်အချက်မှာ ရာသီမပေါ်မီ ရင်သားတင်းနေချိန်နှင့် ရင်သားများ နာကျင်ကိုက်ခဲပြီး ရောင်ရမ်းနေချိန်များတွင် မစစ်ဆေးသင့်ပေ။

ရင်သားကင်ဆာ ရှိ မရှိကို ဆောလျင်စွာ သိရှိနိုင်ရန် အရေးကြီးပြီး ဆောလျင်စွာ သိရှိနိုင်မည့် အရာများမှာ မိမိကိုယ်တိုင် ရင်သားအား စမ်းသပ်စစ်ဆေးခြင်း၊ ကျွမ်းကျင်သူ ဆရာဝန်နှင့် စစ်ဆေးခြင်း၊ ဓာတ်မှန်နည်းများဖြင့် အရိပ်ပုံဖော်ရှာခြင်းနှင့် မသင်္ကာစရာအလုံးအကျိတ်များရှိပါက အမြန်ဆုံးစစ်ဆေးသင့်ပေသည်။

ထို့နောက် အမျိုးသမီးများတွင် ရင်သားကင်ဆာအပြင် သားအိမ်ခေါင်းကင်ဆာသည်လည်း ဒုတိယအများဆုံးဖြစ်ပွားလေ့ရှိသည်။ မြန်မာအမျိုးသမီးများတွင် နှစ်စဉ် အမျိုးသမီး ၆၄၇၂ ဦး ဖြစ်ပွားပြီး ၃၈၅၆ ဦးသေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။

သားအိမ်ခေါင်း ကင်ဆာမှာကုသရန် ခက်ခဲသော်လည်း ကာကွယ်နိုင်သည့် ကင်ဆာတစ်မျိုးဖြစ်သည်။ ယင်းကင်ဆာသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။ ယင်းကင်ဆာမဖြစ်မီ အကြိုအဆင့် ပြောင်းလဲမှုများဖြစ်တတ်ပြီး ကင်ဆာ အဆင့်သို့ မရောက်စေရန် ကာကွယ်ရမည်ဖြစ်သည်။

၎င်းရောဂါသည် ဆေးလိပ်သောက်သည့် အမျိုးသမီးများ၊ အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသူများ၊ အိမ်ထောင်ဆက်များသူများနှင့် အသက် ၂၀ အောက် ကလေးမွေးဖွားသူများတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။

ဒါ့အပြင် အိမ်ထောင်ဆက်များသည့် ယောက်ျားများမှ ၎င်း၏ ပထမအိမ်ထောင် အမျိုးသမီးတွင် သားအိမ်ခေါင်း ကင်ဆာ ရောဂါရှိပါက ဒုတိယအိမ်ထောင်ဆက် အမျိုးသမီးကို ကူးစက်စေနိုင်သည်။

ယင်းရောဂါဖြစ်ပါက အမျိုးသမီးများတွင် အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့်ခါးနာကျင်ကိုက်ခဲခြင်း၊ လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်း၊ နာကျင်ခြင်းနှင့် ဆီးသွားစဉ် အခက်အခဲများ ဖြစ်ပေါ်ခြင်း စသဖြင့် ရောဂါလက္ခဏာများဖြစ်ပါက အမြန်ဆုံး ဆရာဝန်နှင့် ပြသသင့်ပေသည်။

နိုင်ငံတော် အစိုးရကလည်း သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများ အခမဲ့ ထိုးပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပေသည်။ ။

ကင်ဆာ ပါမောက္ခ ဦးစိုးအောင်၏ ဖေဖော်ဝါရီ ၄ ရက် ကမ္ဘာ့ကင်ဆာ တိုက်ဖျက်ရေးနေ့ ပြောကြားချက်များမှ ကိုးကားဖော်ပြခြင်းဖြစ်သည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.