မွန်ပြည်နယ်တွင် ကုန်သွယ်ခွန်နှင့်ဝင်ငွေခွန်ပုံမှန်ပေးသွင်းခဲ့သည့် နံ့သာဖြူဟိုတယ်သည် ဝင်ငွေခွန်များထမ်းဆောင်သူထိပ်ဆုံး ၁၀ ဦးထဲတွင် နှစ်နှစ်ဆက်တိုက် နံပါတ်တစ်နေရာရရှိခဲ့ကြောင်းမွန်ပြည်နယ် အခွန်ဦးစီးဌာနမှူး ရုံးထံမှ သိရသည်။

logo-copy

နံ့သာဖြူဟိုတယ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ခွန် ၁၀၁ သိန်းကျော်နှင့် ဝင်ငွေခွန် ၂၅၉ သိန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ခွန် ၁၃၅ သိန်းကျော်နှင့် ဝင်ငွေခွန် ၂၄၃ သိန်းကျော် ထမ်းဆောင်ခဲ့သည်ဟုနံ့သာဖြူဟိုတယ်ပိုင်ရှင် ဦးပီမနော်ဟာရ်ကဟင်္သာမီဒီယာသို့ ပြောသည်။

ဦးပီမနော်ဟာရ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ အဆင့် (၇၉၀) ဖြင့် ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သောလုပ်ငန်းရှင်အဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာကိုမွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ကပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များပေးဆောင်ပြီးသည့် ထိပ်တန်းလုပ်ငန်းရှင် ၁၀ ဦးစာရင်း ထွက်ပေါ်နေပြီးဖြစ်သော်လည်းအခွန်အကြွေးကျန်နေသောလုပ်ငန်းရှင်များကအခွန်ပေးဆောင် လိုက်ပါကလက်ရှိအခွန်ထိပ်တန်းစာရင်းမှာအပြောင်းအလဲဖြစ်နိုင်ကြောင်းမွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်ကဟင်္သာမီဒီယာသို့ ပြောဆိုထားသည်။

လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကိုကုန်သွယ်မှုငွေကြေး၏ငါးရာခိုင်နှုန်းအခွန်ပေးသွင်းရပြီးဝင်ငွေခွန်ကိုလုပ်ငန်းမှရရှိသောအမြတ်၏ ၂၅ ရာခိုင်နှုန်းဖြင့် အခွန်ထမ်းဆောင်နေရခြင်းဖြစ်ကာ ၎င်း၏ နံ့သာဖြူဟိုတယ်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေခွန် ၂၀၅၀ဝ၀ဝ၀ ကျပ်ကို ကြိုတင် ပေးသွင်းထားပြီးဖြစ်ကြောင်းဦးပီမနော်ဟာရ်ကဆိုသည်။

ဝင်ငွေခွန်ထမ်းဆောင်သူထိပ်တန်းစာရင်းတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကနံ့သာဖြူဟိုတယ်သည် နံပါတ် တစ်၊ ငွေမိုးဟိုတယ်သည် နံပါတ် နှစ်၊ Strand ဟိုတယ်သည် နံပါတ် သုံးနှင့် သံလွင်ဟိုတယ်သည် နံပါတ် ၁၀ ဖြင့် ပါဝင်ခဲ့ကြပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နံ့သာဖြူဟိုတယ်သည် နံပါတ် တစ်၊ သံလွင်ဟိုတယ်သည် နံပါတ် ရှစ်တွင် ပါဝင်နေသည်။

နံ့သာဖြူဟိုတယ်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ခွန် ၄၈ သိန်းနှင့် ဝင်ငွေခွန် ၃၆ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ခွန် ၇၃ သိန်းကျော်နှင့် ဝင်ငွေခွန် ၁၅၈ သိန်းကျော် ထမ်းဆောင်ခဲ့သည်။

Leave a Reply