နျူကလိယ ဖျက်သိမ်းလျှင် ကင်မ်ဂျုံအွန်း၏ ဆန္ဒများ ထရမ့် လိုက်လျောမည်ဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un သာ နျုကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်ပါက ၎င်း၏ဆန္ဒများကို အမေရိကန်သမ္မတ Donald Trumpမှ ခွင့်ပြုပေးလိမ့်မည်ဟု တောင်ကိုရီးယားသမ္မတ Moon Jae In က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

G-20 ထိပ်သီးအစည်းအဝေးတွင် Trumpနှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံနိုင်ရန် အစိုးရတာဝန်ရှိသူများက ပြင်ဆင်နေကြစဉ်Trumpမှ Kim Jong Unထံသို့ ပါးလိုက်သည့် သတင်းစကားကို တောင်ကိုရီယားသမ္မတက တစ်ဆင့် ယူဆောင်လာကာ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့နှစ်ဦးကြားမှာ ရခဲ့တဲ့သဘောတူညီချက်ထဲကကျန်ရှိနေတဲ့အပိုင်းကို အတူတကွ အကောင်အထည်ဖော်ဖို့ လိုလားနေတဲ့အကြောင်း ခေါင်းဆောင် Kim ကိုပြောပေးဖို့ ကျွန်တော့်ကို Trump က တောင်းဆိုပါတယ်။ ခေါင်းဆောင် Kim ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့လည်း ဆိုပါတယ်”ဟု တောင်ကိုရီးယားသမ္မတက ပြောသည်။

အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် နျူကလိယ ဖျက်သိမ်းရေးအတွက် လုပ်ဆောင်ကြရန် ကတိပြုခဲ့သည်။ သို့သော် ထိုတွေ့ဆုံပွဲပြီးကတည်းက နှစ်ဘက်ကြားတွင် သဘောထားတိုက်ဆိုင်မှု အနည်းငယ်သာ ရှိခဲ့သည်။

Donald Trump သည် မြောက်ကိုရီးယား ခေါင်းဆောင်Kimနှင့် နွေးထွေးသော ပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိသည်ဟု မကြာခဏ ပြောကြားလေ့ရှိပြီး ထိုကဲ့သို့ Kim Jong Unနှင့်အပေါက်အလမ်းတည့်ခြင်းက ၁၉၅ဝပြည့်လွန် နှစ်များကတည်းက အမေရိကန်သမ္မတများ ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သော သံတမန်ရေးလုပ်ငန်းစဉ်ကို ၎င်းလက်ထက်တွင် ထိုးထွင်းအောင်မြင်စေရန် ကူညီပေးလိမ့်မည်ဟုလည်း Trump အနေဖြင့် ယူဆထားကြောင်း ၎င်း၏ ထုတ်ဖော်စကားများက ညွှန်းဆိုနေသည်။

သို့သော် မြောက်ကိုရီးယားထံမှ အဆိုပါ နွေးထွေးရင်းနှီးသည့် စကားလုံးများသည် တိကျသေချာသော လိုက်လျောချက်များ ဖြစ်ပေါ်လာစေရန် ယခုထက်ထိ မစွမ်းဆောင်နိုင်သေးဟု Trumpအား ဝေဖန်သူများက ပြောခဲ့ကြသည်။

Reference : www.aljazeera.com

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.