ရန်ကုန်၊ သြဂုတ် ၁၆ ။ ။ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံက အတည်ပြု ထားသည့် နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတား ဆီးပိတ်ပင်ရေး စာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုဝင်ရောက်ပါက နျူကလီးယားကို အသုံးပြု သည့် လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်ကပြောကြားသည်။

logo-copy

သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် နျူကလီးယားလက်နက် အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုဝင်ရောက်ရေး ကိစ္စရပ် နှင့်ပတ်သက်ပြီး ဦးကျော်တင့်က ယင်းသို့ ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။

“ဒါ့အပြင် ရံဖန်ရံခါမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာများကလည်း မြန်မာနိုင်ငံဟာ နျူကလီယာလက်နက် ရရှိရေး အတွက် ကြိုးပမ်းလျက်ရှိသော နိုင်ငံ အဖြစ်လည်း စွပ်စွဲလျက်ရှိပါတယ်။ ဒီစာချုပ်ကို အတည်ပြုဝင် ရောက်မယ် ဆိုရင်ဖြင့် ထိုသို့သော စွပ်စွဲမှုများ၊ ထောက်ပြမှုများ ပပျောက်သွားစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။” ဟု ၎င်းကဆိုသည်။

အဆိုပါ စာချုပ်တွင် အတည်ပြုဝင်ရောက်ရေး ကိစ္စရပ်ကို သြဂုတ်လ တတိယပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံ ဆွေးနွေးပြီးနောက် အတည်ပြု မည်ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်များတွင် မြန်မာနိုင်ငံအတွင်း နျူကလီးယား စမ်းသပ်ထုတ်လုပ်ရေးအတွက် မြောက်ကိုရီးယား နိုင်ငံနှင့် ဆက်ဆံမှုများရှိကြောင်း နိုင်ငံတကာက စောင့်ကြည့်ဝေဖန်မှုများရှိခဲ့သော်လည်း ကုလသမဂ္ဂ၏ နျူကလီးယား လက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက ပါဝင် ရေးထိုး ထားသည်။

အလားတူ ဓာတုလက်နက်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်း နှင့် ယင်းလက်နက် များဖြင့် အသုံးပြု တိုက်ခိုက်ခြင်းတို့ကို ပိတ်ပင်တားဆီးရေး နှင့် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်အတွင်း အတည်ပြုဝင်ရောက် ထားပြီးလည်းဖြစ်သည်။

Leave a Reply