Advertisements

ချောင်းဆုံ၊ အောက်တိုဘာ

ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန်နှင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများကိုပြန်လည်စိုက် ပျိုးနိုင်ရန် ထိုင်းကောက်ရက် ၉၀ မျိုးစပါးများကိုဒေသခံများအား ဖြန့်ဝေပေးနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“နွေစပါးကို မုကွဲ ၊ ကမနင်း၊ စော်ကဲနဲ့ ချောင်းဆုံ အနောက်လယ်ကွင်းတွေမှာ လျာထားစိုက်ဧက ၁၂၀ ရှိပြီး မျိုးစပါးများမှာ ယူဖြန့်ဝေပေးနေတဲ့အပြင်၊ ကော့မုပွန်၊ ခရိုက်သစ်၊ မရမ်း ၊ ဟင်္သာကျွန်း ၊ ကမာကေးကျေးရွာတွေမှာ ရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းဧက ၄၀၀ ကျော်အတွက်လည်း မျိုးစပါးတွေဖြန့်ဝေပေးနေတယ် ဟု ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းနိုင်ကပြောသည်။

ယင်း မျိုးစပါးများကို နေပြည်တော် ဂရိတ်ဝေါကုမ္ပဏီတွင်မှာယူပြီး ဒေသတွင် ပြန်လည်ဖြန့်​ဝေ ပေးနေကြောင်းနှင့် စိုက်ပျိုးရေးသမားများအတွက် မှန်ကန်သောမျိုးစေ့ ၊ အရည်အသွေး ကောင်းမွန်သောမျိုးစေ့ရရှိစိုက်ပျိုးနိုင်ရန်အရေးကြီးကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဒေသက မျိုးစပါးတွေကို နှစ်စဉ်အပြန်ပြန်အလှန်အလှန် စိုက်ပျိုးနေတာထက် ဌာနကမှာယူဖြန့်ဝေပေးတဲ့မျိုးကောင်းမျိုးသန့်မျိုးစပါးတွေက ပိုပြီးအရည်အသွေးမြင့်မယ်၊ ပိုပြီးအောင်မြင်ဖြစ်ထွန်းနိုင်မယ်လို့ ယုံကြည်တယ်” ဟု မုကွဲကျေးရွာက ဒေါ်ခင်ဝင်းက ဆိုသည်။

နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးလိုသော တောင်သူများအားမျိုးစေ့များ လိုအပ်ပါကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို လာရောက်ဆက်သွယ်ကြရန် တိုက်တွန်းထားသည်။

ယင်းအပြင်လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် နည်းပညာပိုင်းနှင့်အညီ မျိုးစေ့များ စနစ်တကျထုတ်လုပ်နိုင်ရန် ဒေသခံလယ်သမားများကို သင်တန်းဖွင့်လှစ်သင်ကြားပေးရန်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ထပ်မံသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply