မော်လမြိုင်၊ မတ် ။ ။ ယခုနှစ်နွေရာသီ ပူပြင်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် မတ်လ ဒုတိယပတ်မှ စတင်ကာ သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။

“မတ်လ ဒုတိယအပတ်လောက်ကနေပြီးတော့ ရေရှားပါတဲ့ မြို့နယ်တွေကတော့ မော်လမြိုင်ခရိုင်မှာဆို ရေးမြို့နယ်၊ ချောင်းဆုံနဲ့ သထုံခရိုင်ကတော့ လေးမြို့နယ်လုံးပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ သောက်သုံးရေပြက်လပ်မှု ဖြစ်ပေါ်နေသည့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ဆိုင်ရာ ကျေးလက် ဦးစီးဌာနမှ သောက်သုံးရေ ဖြန့်ဝေပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာန ရုံးများတွင် ထားရှိပေးထားကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“၁၀ မြို့နယ်မှာရှိတဲ့ ကျေးလက်ဦးစီးဌာနရုံးတွေမှာ သောက်သုံးရေ လိုအပ်ရင်း ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်တွေကို လူမှုကွန်ရက်ကနေ ဖြန့်ဝေထားပေးတယ်၊ တစ်ကယ်လို့များ လူကိုယ်တိုင် လာရောက်ပြီးတော့ ဆက်သွယ်မယ်ဆိုရင်လည်း သောက်သုံးရေ ဖြန့်ဝေပေးတယ်၊ နောက်ဆုံး ရေရှားပါးတယ်လို့ ကြားတဲ့ ကျေးရွာတွေကိုလည်း သွားရောက်ဖြန့်ဝေပေးပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ပေါင်မြို့နယ်နှင့် ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ ရေရှားပါးမှု ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယင်းနေရာများမှာ နှစ်စဉ်သောက်သုံးရေ ခန်းခြောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ၎င်းက ပြောဆိုသည်။

“ရေဝေတယ်ဆိုတဲ့ ကိစ္စကတော့ လတ်တလော ရေရှားတာကို ဖြေရှင်းတဲ့ နည်းလမ်းပဲဖြစ်တယ်။ ဒါက ဖြေရှင်းတဲ့ နည်းလမ်းအမှန် မဟုတ်ဘူး။ တစ်ကယ်တမ်း ဒီလိုမျိုး ရွာတွေမှာ လက်တူးတွင်း တူးလို့မရဘူး။ ရေငန်ဝင်တဲ့အတွက် ရေရှည်ဖြေရှင်းချင်တယ်ဆိုရင်တော့ မြေသားမွေး ရေလှောင်ကန်ပေါင်းများစွာ တည်ဆောက်ပေးတာမျိုး၊ ရေချိုရနိုင်တဲ့နေရာကို စမ်းသပ်ပြီး ဆောင်ရွက်ပေးတာမျိုး သို့မဟုတ် တစ်ခြားရေချိုရတဲ့ နေရာကနေပြီးတော့ ပိုက်တွေနဲ့ ဆက်သွယ်ပြီး ပန့်တွေနဲ့ ပို့ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်”ဟု ၎င်းက ဆိုသည်။

Written by – ဟိန်းထက်

Leave a Reply