ပြီးခဲ့သည့် နှစ် အယ်နီညို ရာသီဥတုကြောင့် မွန်ပြည်နယ်တွင် ရေရှားပါးမှု ဒဏ်ကို ပင်လယ် ကမ်းစပ် ကျေးလက်နေ ပြည်သူများ အလူးအလဲ ခံစားခဲ့ရသည်။ ထို့ကြောင့် လာမည့် နွေရာသီတွင် ရေရှားပါးမှု ဖြစ်ပေါ်လာပါက ပြည်နယ် အစိုးရအနေဖြင့် မည်သို့သော အစီအမံ လုပ်ဆောင်ထားသည့် အခြေအနေ၊ ယင်းကိစ္စကို မည့်သို့ မည်ပုံ ဖြေရှင်းရန် စီစဉ်နေမှု၊ သန့်စင်သော သောက်သုံးရေ ရရှိစေရန်အတွက် လုပ်ဆောင်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးနှင့် တွေ့ဆုံခြင်း

ဟင်္သာမီဒီယာ။ ။ လာမယ့် နွေရာသီမှာ ရေရှားပါးမှု အခက်အခဲဖြစ်လာမယ့် အခြေအနေအတွက် အစိုးရအနေနဲ့ ဘယ်လိုတွေ စီစဉ် ဆောင်နေလဲ။
ဦးထွန်းဌေး။ ။ မွန်ပြည်နယ်ကလည်း နွေရာသီမှာ ရေရှားတဲ့ ပြည်နယ် တစ်ခုလည်း ဖြစ်တယ်၊ ဒါကြောင့် ၂၀၁၆ ခုနှစ်တုန်းက အယ်နီညို ရိုက်ခတ်မှုကြောင့် ကျေးရွာတွေ ရေရှားမှု ပြဿနာနဲ့ ကြုံခဲ့ကြရတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မြို့နယ် ကိုယ်စားလှယ်တွေကလည်း ပြည်နယ်အစိုးရကို နောက်နောင်ဒီလို အခြေအနေတွေ ကြုံတွေ့လာလို့ ရှိရင် ဘယ်လို လုပ်သွားမလဲဆိုတာ လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့တာလဲ ရှိပါတယ်၊
မွန်ပြည်နယ်ရဲ့ ကျေးရွာ အချို့မှာက နွေရာသီ ရောက်တိုင်း ရေရှားပါးတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေတာတွေ ရှိတယ်၊ ပြည်နယ်အစိုးရအဖွဲ့ကတော့ သက်ဆိုင်ရာ နယ်မြေ ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ ရေရှားပါးဆုံး ကျေးရွာတွေနဲ့ ပတ်သက်ပြီး နောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနလည်း ဘတ်ဂျက် တောင်းခံနိုင်ဖို့အတွက် စာရင်းဇယားတွေ ပေးပို့ထားတာ ရှိတယ်။

အထူးသဖြင့် မွန်ပြည်နယ်ရဲ့ ကွင်းပိုင်း ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ရွာတွေမှာက ရေအခက်အခဲမှု ရှိတယ်၊ ဒါကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့မှာ ရေရရှိရေးအတွက် အဓိက ဦးစားပေး လုပ်နိုင်တာတော့ ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနပဲ ဖြစ်တယ်၊ ကျေးလက်ကလည်း ပြည်ထောင်စုကို ဘတ်ဂျက် တောင်းခံထားတာလဲ ရှိတယ်၊ ပြီးတော့ ပြည်နယ်အစိုးရကနေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက်လည်း ချပေးလိုက်တာ ရှိတယ်၊
နောက်ပြီး ရေရှားပါးတဲ့ ရွာတွေ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ စုပေါင်းပြီး ဘယ်ကျေးရွာမှာ ဘယ်လို လိုအပ်တယ်၊ ဘယ်ကျေးရွာမှာ ဘာ လိုအပ်ဆိုတာကို ဆောင်ရွက်ပေးထားတာ ရှိတယ်၊ နောက်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဘတ်ဂျက် သိန်း ၁၀၀၀ နဲ့လည်း ရေရရှိရေးအတွက် ဦးတည်ဆောင်ရွက်နေတယ်၊ ဒီနေ့အထိလည်း ဦးတည် ဆောင်ရွက်နေပါတယ်၊

ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း မွန်ပြည်နယ် အတွင်းမှ ရေရှားတဲ့ ဒေသတွေကို ဘယ်လို ဦးစားပေးပြီး ဆောင်ရွက်မယ်ဆိုတဲ့ ရည်းမှန်ချက်လည်း ထားထားတာ တွေ့ရပါတယ်၊ ကျွန်တော်တို့ အနေနဲ့ မွန်ပြည်နယ်မှာ ရေရှားပါးတဲ့ ကျေးရွာတွေ့ရဲ့ မြစ်ချောင်း အင်အိုင်ကောနေတာတွေကို အတက်နိုင်သလောက် ရေရရှိဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေတယ်။

ဟင်္သာမီဒီယာ။ ။ အစိုးရအနေနဲ့က လက်ရှိမှာ ရေရရှိဖို့ လုပ်နေတာတွေတော့ ရှိတယ်၊ ဒါပေမယ့် ရေရှားပါးမှု ပြဿနာအတွက် ဘယ်လို မူဝါဒတွေ ဘယ်လို အစီအစဉ်တွေ ရေးဆွဲနေလဲ။
ဦးထွန်းဌေး။ ။ ဒီနေရာမှာ မြို့ပြနဲ့ ကျေးလက်ဆိုပြီး နှစ်ပိုင်းခွဲရမှာ ဖြစ်တယ်၊ မြို့ပြအတွက်တော့ ဇုန်တွေ ပိုင်းခြားလိုက်တယ်၊ နောက်ပြီး မော်လမြိုင်မြို့ပေါ် ရေရရှိရေးအတွက် နိုင်ငံခြား ကုမ္ပဏီတွေက အတ္တရံမြစ်ကို အသုံးပြုပြီးတော့ မော်လမြိုင်မြို့ကို သန့်စင်တဲ့ သောက်သုံးရေ ပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေ လာရောက် တင်ပြထားတာ ရှိတယ်၊ နောက်ပြီး စည်ပင်က ဆောင်ရွက်ပေးနေတဲ့ အပိုင်းအခြားတွေ ရှိတယ်၊ နောက်ပြီး ဂျာကာပေါ့၊ ADB ကလည်း လုပ်မယ့်ဟာတွေ ရှိနေတယ်၊ အဓိကတော့ မြို့ပေါ် ရေရရှိရေအတွက် ဇုန်အလိုက် ပိုင်ခြားပြီးတော့ ဆောင်ရွက်နေတယ်၊ နောက်တစ်ခု ဗြိတိလျှခေတ်ကတည်းက ရှိခဲ့တဲ့ ရေပေးဝေရေး စနစ် နောက်ပြီး မော်လမြိုင်မြို့ပေါ်မှာ ပေးနေတဲ့ ရေပေးဝေရေး ပိုက်တွေကလည်း ဟောင်းနွမ်း စုတ်ပြတ်နေပြီးဖြစ်တယ်၊

ဒီအတွက် Distribution အပိုင်းကို သက်ဆိုင်ရာ စည်ပင်ဌာနက လုပ်ဆောင်နေတာ တွေ့ရတယ်၊ ဒီနှစ်မှာဆို သံဖြူဇရပ်မြို့မှာဆို ဂျာကာ ချေးငွေနဲ့ ကုန်ကျမယ့် ငွေကြေးက လက်တလော သိရတာက ကျပ်သိန်း ၄၈၀၀၀ လောက် ကုန်ကျမယ့် project ကြီးတစ်ခုဖြစ်တယ်၊ မုဒုံမြို့နယ် ဝင်းဖလုံဆည်မှာရှိတဲ့ ရေကို ပိုက်နဲ့ သွယ်တန်းပြီး မြို့ပေါ် ၁၀ ရပ်ကွက်ကို ရေပေးတဲ့ အစီအစဉ်ကို စလုပ်ဖို့ ရှိပါတယ်၊ အဲဒါကလည်း ကျွန်တော်တို့နဲ့ သဘောတူထားပြီးဖြစ်လို့ ဒီနှစ်ထဲမှာပဲ ဆောင်ရွက်သွားဖို့ ရှိတယ်၊ ဒါပြီးရင်တော့ သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်တွေမှာတော့ ဒီဂျစ်တယ် ရေမီတာတွေကိုပဲ အသုံးပြုနိုင်မယ့်လို့ မျှော်လင့်ထားတယ်၊ အဲဒီကနေ တဆင့် ကျွန်တော်တို့ အနီးနား ရွာတွေ ဖြစ်တဲ့ ပငရွာတွေလို ကျိုက်ခမီစတဲ့ ကျေးရွာကြီးတွေကလည်း ရေပိုက် သွယ်တန်းပြီးဆောင်ရွက်နိုင်မယ်ဆိုရင်တော့ တော်တော်လေး ဖူလုံသွားဖို့ ရှိပါတယ်။

နောက်တစ်ခုက ကျွန်တော် ပြည်နယ်အစိုးရအနေနဲ့ အထူးတလည် စဉ်းစားနေရတာတော့ ကျိုက်ထီးရိုးရေရရှိရေးအတွက်ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျိုက်ထီးရိုး ဘုရားဖူးက တစ်နှစ်ထက် တစ်နှစ် ဘုရားဖူးတွေက များများလာတယ်၊ နောက်ပြီး ဒီဒေသမှာကလည်း ရေရရှိဖို့အတွက် water sourceကလည်း ရှားနေတယ်၊ ဒါကြောင့် ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ပြီးတော့ ကျိုက်ထီးရိုး ဘတ်စုံ ဖွံ့ဖြိုးရေး ဇုန်မှာ ရေရရှိရေးကိုပါ အဓိက ထည့်သွင်းပြီး Plan ရေးဆွဲထားတာ ရှိတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့က ထပ်ထက်လာမယ့် ၁၅ နှစ်တန်သည် နှစ် ၂၀ တန်သည် လိုအပ်တဲ့ အခြေအနေတွေကို လုပ်သွားဖို့ ရှိတယ်၊

နောက်တစ်ခုက မွန်ပြည်နယ်မှာ ရေလိုအပ်တဲ့ အနေအထားတစ်ခု ကျိုက်ထီးရိုးပြီးရင် ကျိုက်ခမီဖြစ်တယ်၊ ကျိုက်ခမီမှာလည်း အကယ်၍ ပြင်ထန်းတဲ့ အယ်နီညိုလို နှစ်တွေနဲ့ ကြုံတွေ့မယ်ဆိုရင် ရေမလုံလောက်ဘူး၊ ရေမလုံလောက်တော့ နောက်ပြီး ရေတူးဖော်မယ့် တူးဖော်ရေး စက်ယန္တရား ကြီးကြီးမာမာလည်း ကျွန်တော်တိုမှာ မရှိဘူး၊ မရှိတော့ ဒီအတွက်လိုအပ်တဲ့ ရေငံကို ဖောက်ပြီး ရေချိုအထိ တူးနိုင်တဲ့ စက်ကြီးတွေကိုလည်း မကြာခင်မှာ ကျိုက်ခမီကို ပို့ဖို့ ရှိပါတယ်၊ ဒီစက်နဲ့ ပေ ၅၀၀ ၆၀၀ ကိုတူးကြည့်လိုက်လို့ ရေရမယ်ဆိုရင် ကျိုက်ခမီအတွက်ကတော့ ရေလုံလောက်သွားမှာ ဖြစ်တယ်၊ ဒီလို လုပ်လို့မှ ရေချို မရနိုင်ဘူးဆိုရင် ကျွန်တော်တို့ နောက်တစ်နည်း စဉ်းစားရမယ့် အခြေအနေမှာ ရှိပါတယ်၊

စက်စဲ ကမ်းခြေဆိုရင်လည်း ခရီးသွား အများစု လာကြတယ်၊ သို့သော် ကမ်းခြေမှာ ဆည်တွေ ပုံစံ ရေကန်ကြီးတွေတော့ ရှိတယ်၊ နောက်တစ်ခု စက်စဲကမ်းခြေကလည်း လောလောဆယ်မှာ ရေအခက်အခဲတော့ မရှိသေးပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဒီအစီအစဉ်အားလုံးဟာ နွေရာသီမှာ ပေးဖို့ လုပ်ထားတဲ့ အစီအစဉ်တွေပဲဖြစ်တယ်၊

ဟင်္သာမီဒီယာ။ ။ မော်လမြိုင်မြို့ပေါ် ရေအခက်အခဲ ကြုံလာလို့ရှိရင် ဘယ်လို ဆောင်ရွက်သွားဖို့ စီစဉ်ထားလဲ။
ဦးထွန်းဌေး။ ။ မွန်ပြည်နယ်ရဲ့ မြို့ပေါ် ရေရရှိဖို့အတွက် သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ဆည်တွေမှာ ရေအပြည့်အဝ သိုလှောင်ထားတာ ရှိပါတယ်၊ ဒီနှစ်ဆိုရင် မိုးကလည်း တော်တော်လေးကောင်းတော့ ကျွန်တော်တို့ ဆည်တွေမှာ လှောင်ထားတဲ့ ရေကတော့ ပိုပိုဆန်ဆန်လေး ရှိနေတယ်၊ စိုက်ပျိုးရေးအတွက်လည်း ကျွန်တော်တို့ ပေးမှာ ဖြစ်သလို တကယ်လို့ အရေးတကြီး လိုအပ်လာတဲ့ အခြေအနေ မျိုးဖြစ်လာလို့ ရှိရင် ဆည်မြောင်းမှာ သိုလှောင်ထားတဲ့ ရေတွေကို မြို့ပြ၊ ကျေးရွာတွေကို ဖြန့်ဝေပေးဖို့ အဆင့်သင့် ရှိပါတယ်၊ မြို့ပေါ် ရပ်ကွက်တွေမှာ ရေရှားပါးမှုကို ကြုံတွေ့ခဲ့မယ်ဆိုရင် သက်ဆိုင် စည်ပင်နဲ့ ကျန်တဲ့ ဌာနတွေနဲ့ ပေါင်းစပ်ပြီး လုပ်ပေးမယ့် အစီအစဉ်တွေလဲ ရှိပါတယ်။

ဟင်္သာမီဒီယာ။ ။ ပင်လယ်ကမ်းစပ်တဲ့ နီးတဲ့ ကျေးရွာတွေမှာဆို နှစ်စဉ် ရေ ခက်ခဲမှု တွေကြုံနေရတယ်၊ ဒီအတွက် ကျေးလက် ဒေသ ရေရရှိရေးအတွက် ဘယ်လို စီစဉ်ထားတာ ရှိလဲ။
ဦးထွန်းဌေး။ ။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ရွာတွေဆိုရင် ရေကန်ကြီးတည်ဆောက်ပြီး ရေလှောင်ထားတယ်၊ သူတို့ရွာတွေမှာက နွေရာသီ မတ် ဧပြီမှာ ရေရှားပါးမှု ဒဏ်ကို ခံရတာဖြစ်တယ်၊ ဥပမာ မုဒုံဘက် ရွာမှာဆို ဝဲကလိတို့ ကမာအုပ်တို့မှာ ဖြစ်တယ်၊ အဲဒီရွာတွေ အားလုံးမှာ နွေရာသီ ရေရဖို့အတွက် ရနိုင်တဲ့ နေရာတွေက ရေယူဖို့ စီစဉ်ထားတယ်၊ ကမာအုပ်မှာဆိုရင် ကွန်ကရစ် ရေလမ်းတွေ တည်ဆောက်ထားတယ်၊ ဒီနေရာကနေ ရေရနိုင်သလောက် ချပေးသွားမယ်၊ ဒီလို ချပေးလိုက်တဲ့ နေရာမှာ ဝဲကလိနဲ့ ကမာအုပ်က လူတွေက လမ်းဆုံမှာ ရေလာယူရမှာဖြစ်တယ်၊

ပေါင်မှာဆိုရင် နတ်ကြီးချောင် ဥက္ကံအတွက် နတ်ကြီးချောင်မှာ ပေ ၄၀ ရေကန် လုပ်ထားတယ်၊ ဒီလို လုပ်ပြီးတော့မှ ၃ မိုင်လောက် အကွားအဝေးကို ရေလွှတ်ပေးတယ် အခုအချိန်မှာဆို ဒီရေတွေကို မသုံးသေးဘူး၊ တကယ် ခက်ခဲတဲ့ အချိန်ချမှ သုံးမှာဖြစ်တယ်၊ ချောင်းဆုံမှာဆိုရင် မုရစ်လေး၊ ကရိုက်နှီးဟု၊ ရေတွင်းကုန် ရွာလေးရွာဟာ ကွင်းရွာတွေဖြစ်လို့ နွေရာသီမှာ ရေရှားတယ်၊ ရှာတဲ့အတွက်ကြောင့်မို့လို့ မုရစ်လေးကနေ ၄ မိုင်လောက် အကွာမှာ ရေတွင်းတွေ တူးပြီးတော့ တစ်ရွာတိုင်မှာ ကွန်ကရစ် ကန်တွေလည်း ဆောက်လုပ်ပေးထားတယ်၊ သူတို့တွေအနေနဲ့ ဒီနှစ် နွေရာသီမှာ သုံးလို့ ရမှာဖြစ်တယ်၊

နောက်ပြီး ပေါင်မြို့နယ်က အလှပ်ရွာတို့အတွက်ဆို ပေ၂၅၀ ပတ်လည်ရှိတဲ့ မြေသား ရေလှောင်ကန်ကြီးကို တူးပေးထားပါပြီ၊ အဲဒါအပြင် နောက်ထပ် မြေသား ရေလှောင် ကန်နှစ်ကန် ထပ်တူးဖို့ စီစဉ်ထားတာ ရှိပါတယ်၊ သူတို့မှာက ရေတွင်းကော အဝိစီကော တူးလို့ မရဘူး၊ ဒါကြောင့် မြေသားရေလှောင် ကန်ကိုပဲ တူးထားတာဖြစ်တယ်၊ ဒီအတွက် မြေသားရေလှောင်တူးဖော်ဖို့ ဆိုရင် ကျေးရွာလည်း မြေကြီးပေးမှာ လုပ်လို့ရမှာဖြစ်တယ်၊ ဒီပင်လယ်ကမ်းစပ် ရွာတွေအတွက်လည်း အားလုံး အစီအမံတွေနဲ့ လုပ်ထားထားဆိုတော့ အရမ်း ပူပြင်းတဲ့ အယ်နီညို ရာသီ ဥတုလောက်မှပဲ ရေအခက်အခဲရှိတော့မယ်။

ဟင်္သာမီဒီယာ။ ။ ဒါဆို ဒီနှစ် ရေရှားပါးမှု ပြဿနာကို မွန်ပြည်နယ်မှာ လုံးဝ ဖြေရှင်းနိုင်ပြီလား။
ဦးထွန်းဌေး။ ။ မွန်ပြည်နယ်မှာတော့ ရေအရင်းအမြစ်အတွက်ကတော့ ဆည်ကြီးတွေ တမံကြီးတွေမှာတော့ ရှိကြတယ်၊ သို့သော် ဖြစ်ပေါ်လာမယ့် ရေရှားပါးမှုက ဘယ်လောက် အတိုင်းအတာ အထိ ရှိမလဲဆိုတာ မူတည်ပါတယ်၊ တချို့တော့ ရေအရင်းအမြစ်က အနီးနားမှာ ရှိတယ်၊ တချို့ကကျတော့ ရေရနိုင်မယ့် ရေအရင်းအမြစ်က နည်းနည်းဝေးတယ်၊ ရေလိုအပ်မှု ကြီးမာလာမယ်ဆိုရင်တော့ ပြည်နယ်အစိုးရက ရေရရှိဖို့အတွက် ဆောင်ရွက်ပေးမယ့် အစီအမံတွေလည်း ရှိပါတယ်၊ နွေရာသီ ရေရှားပါးမှုအတွက် ပြည်နယ်အစိုးရမှာ သီးခြားရန်ပုံငွေ တစ်ရပ် ထားရှိပြီ ဖြေရှင်းပေးသွားမှာပါ၊ ဒီအတွက်လည်း ရန်ပုံငွေ လျားထားပါတယ်၊

ဟင်္သာမီဒီယာ။ ။ နောက်ဆုံး မေးခွန်းပါ ဝန်ကြီး ပြည်သူတွေ သန့်စင်တဲ့ သောက်သုံးရေ ရဖို့အတွက် ဘယ်လို အစီအမံတွေ လုပ်သွားဖို့ ရှိလဲ။
ဦးထွန်းဌေး။ ။ ဒီအတွက်တော့ water treatment လုပ်ဖို့ လိုပါတယ်၊ ဥပမာ သံဖြူဇရပ်မှာ ဂျာကာ ချေးငွေနဲ့ လုပ်မယ့် စီမံကိန်းမှာဆိုရင် ရေပိုက်ထည့်ကို မထည့်မှီ ရေ အရည်အသွေးတွေ နောက်ပြီး ကလိုလင်း ခတ်တာတို့ PH အဆင့်တွေ ဒါမျိုးတွေကိုလည်း အဆင့်ဆင့် လုပ်ပြီး မြို့ပေါ် ရောက်သွားရင်တော့ စိတ်ကြိုက်သုံးလို့ ရတဲ့ အဆင့်အထိ ဖြစ်သွားမှာဖြစ်တယ်၊ သန့်စင်တဲ့ သောက်သုံးရေ ရဖို့အတွက် ကျေးလက်ဒေသမှာတော့ မလုပ်ပေးနိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးဦးစီးဌာနမှာဆိုရင်လည်း ဓာတ်ခွဲခန်း သေးသေးလေး တစ်ခုပဲ ရှိသေးတယ်၊ ဒါပေမယ့် ကျေးရွာတွေ ရေအရည်အသွေး နိမ့်ကျနေမယ်ဆိုရင်တော့ အချိန်တပြေးညီ ကျေးလက် ဒေသဦးစီးဌာနကို အကြောင်းကြား ဆောင်ရွက်ဖို့ ပြောချင်ပါတယ်၊ ပြည်နယ်တစ်ခုလုံး သန့်စင်တဲ့ သောက်သုံးရေရဖို့ဆိုရင် တော်တော်လေး လုပ်ယူရဦးမှာဖြစ်တယ်၊ ဒီ ငါးနှစ်အတွင်း ရဖို့တော့ မနည်းကြိုးစားရဦးမှာပါ။

Written by – ဇော်ထိုက်

Leave a Reply