ရန်ကုန်၊ အောက်တိုဘာ ၁၅

နှင်းဆီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပါတီဥက္ကဋ္ဌပိုင် မြန်မာကျော် ကုမ္ပဏီက ၂၀၁၈ ခုနှစ်ကတည်းက စတင်ထောက်ပံ့ခဲ့သည်ဖြစ်ပြီး ထောက်ပံ့ငွေပေါင်း ၁၂ ဘီလီယံကျော်ရှိသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ပါတီဝင်တွေကို တစ်ဦးလျှင် အနည်းဆုံး နှစ်သိန်းကိုးသောင်းကနေ သုံးသိန်းကိုးသောင်းအထိ ထောက်ပံ့ပါတယ်။ လွှတ်တော် ကိုယ်စားလောင်း ၇၁၆ ဦးကို တစ်ဦးကို သုံးသိန်းနှုန်းထောက်ပံ့ပေးထားပါတယ် ”ဟု ၎င်းကပြောသည်။

အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ဖမ်းဆီးထားပြီး ၎င်း၏ ပိုင်ဆိုင်မှုများကို ဆက်လက်စိစစ်နေကြောင်း၊ ဦးကျော်မြင့်မှာ အမျိုးသားမှတ်ပုံတင်ကိုလည်း အတု ကိုင်ဆောင်ထားပြီး ယင်းမှတ်ပုံတင်ထဲတွင် လူမျိုးအမည်ကို ကိုးကန့်၊ ကချင်ဟု ဖော်ပြထားကြောင်း သိရသည်။

ဦးကျော်မြင့်နှင့်ပတ်သက်ပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီး ထွက်ပေါ်လာသော ရလဒ်များအရ ပုဒ်မများတပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရဲဘက်ပြေးမှု၊ တရားမဝင်ငွေကြေးလွှဲပြောင်းမှု၊ ကုန်သွယ်မှုများ အပါအဝင် ရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေကို တရားဝင်လျှောက်ထားဆောင်ရွက်ခဲ့ခြင်း မရှိတဲ့အပြင် အကောက်အခွန်ပေးဆောင်ခဲ့တဲ့ မှတ်တမ်းတစ်စုံတစ်ရာ မရှိပါဘူး။ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေက တစ်ဆင့် ငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံကျော်လွှဲပြောင်း ရယူထားပါတယ်”ဟု ဦးဇော်ဌေးက စုံစမ်းစစ်ဆေးမှု ရလဒ်များကို ရှင်းပြခဲ့သည်။

ယင်းငွေကြေးများ ရယူလက်ဝယ်ထားသုံးစွဲခြင်းသည် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃ အရ ၁၀ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

မြန်မာကျော် ကုမ္ပဏီသည် ဦးကျော်မြင့်နှင့် ဒေါ်မျိုးဟေမာန်၊ ဒေါ်ခင်မေစုလှိုင်တို့က ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး ရုံးလုပ်ငန်းအုပ်ချုပ်ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးသော လုပ်ငန်းဖြစ်ကြောင်း၊ ယခုအခါ သက်တမ်းကုန်နေပြီး ပို့ကုန်၊ သွင်းကုန် ခွင့်ပြုပေးထားခြင်း မရှိကြောင်းအပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း သိရသည်။


ပုံစာ – အဖမ်းဆီးမခံရမီ ရက်ပိုင်း စက်တင်ဘာ ၂၆ က မြင်တွေ့ရသည့် နှင်းဆီပါတီ ဥက္ကဋ္ဌ။

Leave a Reply