ထားဝယ် နိုဝင်ဘာ

ထားဝယ် ဒေသအထင်ကရ တန်ဆောင်တိုင်ပွဲတော်ကာလ၌ နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ ရပ်ရွာအတွင်း ဒေသစာရီလှည့်လည်အပူဇော်ခံစဉ် ခေတ်လွန် ပေါက်ကွဲသံစဉ်အတီး၊အကစသည်တို့ကို မပြုလုပ်ရန် ရပ်ကွက်နယ်မြေများသို့ ဘုရားကြီးဂေါပကအဖွဲ့က ကြိုတင်မေတ္တာရပ်ခံထားကြောင်း၊ ယင်းအပြင် ဂေါပကမှ သတ်မှတ်ထားသော နံပါတ်ပါသည့် ဖလား(သို့)အလှူခံပုံး၊ စလွယ်များဖြင့်သာ အလှူငွေကောက်ခံခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ဥပမာအနေနဲ့ခေတ်လွန်ပေါက်ကွဲသံစဉ်တွေ၊အဂါဝရဖြစ်စေနိုင်တဲ့ ဆို၊က၊တီးတွေ မလုပ်ဖို့မေတ္တာရပ်ခံထားတယ်” ဟု (၁၀၉)ကြိမ်မြောက်တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ၊ဘုရားကြီးဂေါပကအဖွဲ့ဝင်ဦးထွန်းကြည် က ဆိုသည်။

တန်ဆောင်တိုင်ပွဲတော်ကာလမှာ တန်ဆောင်မုန်းလဆန်း ၁၁ရက်(နိုဝင်ဘာ ၁၈ရက်)မှလဆုတ် ၁ ရက်(နိုဝင်ဘာ၂၃ ရက်)အထိ ဖြစ်သည်။

“အချို့က အဝတ်ဖြူဝတ်ပြီးဖလားနဲ့အလှူခံနေတာတွေ့ရ တယ်၊ဘယ်ကမှန်းမသိ၊ ဘယ်အဖွဲ့ကမှန်းမသိ၊ အဲဒါမျိုး တွေ့ရှိတယ်”ဟု ဦးထွန်းကြည်က ဆိုသည်။

ယခုနှစ်တွင်လည်း ထားဝယ်မြို့အတွင်း၌ တန်ဆောင်မုန်းလဆန်း ၁၄ရက်ညတွင် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားများ နှစ်စဉ် အစဉ်အလာမပျက် လည့်လည် အပူဇော်ခံမည်ဖြစ်သည်။

ရွှေတောင်စား စေတီတော်(သို့)လောကမာရဇိန်ဘုရားတို့နှင့်ပတ်သက်၍ စပ်ဆိုထားသောသီချင်းတို့ဖြင့်သာ ဆိုတီး ကခုန်ရန်၊ ယဉ်ကျေးမှုနှင့်ကိုက်ညီသော ဘာသာရေးပွဲတော်နှင့် လိုက်ဖက်သော ထားဝယ်ရိုးရာအစဉ်အလာ အဆို၊ အက၊အတီးတို့ဖြင့်သာ ဖျော်ဖြေရန် တိုက်တွန်းထားကြောင်း ၎င်းက ပြောသည်။

ရပ်ကွက်အချို့မှာ လှည့်လည်ပူဇော်ခံရာတွင် Dj သီချင်းများဖြင့် တီးမှုတ်ကခုန်နေကြကြောင်း မြို့ခံများက ပြောသည်။

ထားဝယ်မြို့ဘုရားကြီးတွင် ပူဇော်ထားသောနှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များကို သက်ဆိုင်ရာရပ်ကွက်များက မိမိရပ်ကွက်မှာ အပူဇော်ခံမည့် ဆင်းတုတော်တစ်ဆူစီကို သီတင်းကျွတ်လပြည့်ကျော်ပြီးနောက် သွားရောက်ပင့်ဆောင်ကာ ရပ်ရွာအတွင်း လှည့်လည်ပူဇော်ခံသော ဓလေ့ရှိသည်။ ယင်းနောက် တန်ဆောင်တိုင်ပွဲတော် ကာလတွင် အပူဇော်ခံရန် တန်ဆောင်မုန်း လဆန်း ၁၀ရက်နေ့မှစကာ ရပ်ကွက်အသီးသီးမှ မူလထားရှိရာသို့ ပြန်လည် ပင့်ဆောင်ပေးလေ့ရှိသည်။

ထားဝယ်မြို့အတွင်းသို့ တန်ဆောင်မုန်းလဆန်း ၁၄ရက် ညတွင် ဒေသစာရီလှည့်လည် အပူဇော်ခံပြီၤး တန်ဆောင်မုန်း လပြည့်နေ့ နံနက်အရုဏ်တက်အချိန်တွင် မူလ ကိန်းဝပ်ရာသို့ ပြန်လည် ပင့်ဆောင်ထားရှိမည်ဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်မှာ ထားဝယ်ခရိုင် ၄မြို့နယ်မှ ဒေသခံများ၊ အဝေးရောက် ထားဝယ်သူ ထားဝယ်သားများ၊ ခရီးသွားနှင့်ဘုရားဖူးဧည့်သည်များ အားခဲလာရောက်၍ ပါဝင်ဆင်နွဲှသည့် ပွဲတော်ဖြစ်သည် ။

တင်လွင့်

Leave a Reply